Thursday, September 19, 2013
လေးဆူဓါတ်တွေခိုလုံ မြတ်ရွှေတိဂုံ
လေးဆူဓါတ်တွေခိုလုံ မြတ်ရွှေတိဂုံ
လောကီအကျိုး အံ့ဖွယ်ကိုး
လွန်ခဲ့သော ၂၅ နှစ်ခန့်မှ ဘုတ်ပြင်းဆရာတော် ဦးညာဏထံတွင်ကျွန်ုပ်သည် မြန်မာ့ရိုးရာ လက်ဆန်းဗေဒင် ပညာရပ်များ ဖြစ်သော မဟာဘုတ်၊ သုံးတန်းပေါနိစ်၊ ဆန်းကျမ်း၊ အင်္ဂ၀ိဇ္ဇာ၊ အယူတော်မင်္ဂလာနည်း၊ ဓါတ်ရိုက် ဓါတ်ဆင်၊ အင်းပညာ၊ စမပညာများနှင့် ဂါထာ၊ မန္တာန်၊ မန္တရားစသော မြန်မာ့ရိုးရာ လောကီ ပညာများကို သင် ယူ နေစဉ် တစ်နေ့၌ဆရာတော်မှ ကျွန်ုပ်အားမှတ်မိရဲ့လား ၊နားရောလည်ရဲ့လားဟု မေးလေ၏ ကျွန်ုပ်မှလည်း မှတ်မိပါတယ်ဘုရား၊ နားလည်ပါတယ် ဘုရားဟု လျှောက်ထားရာ ထိုအခါ ဆရာတော်မှ ဘယ်ပညာ ရပ်မဆို သင်ပေးတဲ့ဆရာက မိမိတတ်တဲ့ပညာကို မချွင်းမချန်၊ မကွယ်မ၀ှက်၊ တစ်လုံးတပါဒမှ မကျန်၊ ငှက်မကြီးမှ ငှက်သားလေးတွေကို အစာခွန့်ကျွေးသလို မေတ္တာထားပြီးသင်ပေးမယ် တပည့် ဖြစ်သူ ပညာအမွေခံမည့် သူ ဘက်မှလည်း လိုချင်သည့် ဆန္ဒတွေပြင်းပြနေမယ် စိတ်ရော ကိုယ်ပါပညာရပ် ထဲမှာ နှစ်မြုပ်ထားမယ် ဆိုရင် တော့ သိဖို့တတ်ဖို့၊ မခဲယဉ်းဘူး။ လောကီပညာရပ်တွေ လေ့လာတဲ့နေရာမှာ သင်ယူတဲ့နေရာမှာ အခြားပညာ တွေနဲ့ မတူဘူး၊ နောက်ထပ်ဆက်လုပ်ရမည့် အလုပ်တွေက အများကြီးရှိသေးတယ်။ အဲဒီအလုပ်တွေကျတော့ဆရာသင်ပေးလို့မရဘူးတပည့်ဖြစ်သူကကိုယ်တိုင်ကလေးလေးနက်နက်လုပ်ရမှာဖြစ်တယ်။
လောကီပညာရပ်တွေကို လေ့လာလိုက်စားတဲ့သူတွေဟာ ကျင့်ကြံအားထုတ်မှု အပိုင်းများများလုပ်ရလိမ့်မယ် ၊ ကျင့်ကြံအားထုတ်ပြီးရလာတဲ့ အသိနဲ့ နဂိုလ်သင်ယူထားတဲ့အသိတွေ ပေါင်းစပ်မှသာ လျို့ဝှက် နက်နဲတဲ့ ပညာရပ်တွေ သိရှိသဘောပေါက်နားလည်လာလိမ့်မယ်။ ကျင့်ကြံအားထုတ်တဲ့နေရာမှာလည်း အချိန် မှန်ရမယ်၊ နေရာမှန်ရမယ်၊ ပုတီးပါတ်ရေမှန်ရမယ်၊ မှန်ကန်တဲ့ဆန္ဒတစ်ခုပြုရမယ်၊ သတ်သတ်လွတ်စားရမယ် ၊ ငါးပါးသီလစောင့်ထိန်းရမယ်၊ ၀တ်ဖြူစင်ကြယ်(သို့) ယောဂီဝတ်ရမယ်၊ အဲဒီခုနှစ်ချက်နှင့်အညီ ကျင့်ကြံအား ထုတ် မယ်ဆိုရင် ကျင့်သလောက်တော့ ရလိမ့်မယ် ၊ လိုသလောက်တော့ မရဘူး၊ ကျင့်ကြံအားထုတ်ရာတွင်လည်း ရွှေတိဂုံစေတီတော်ကြီးနှင့် အခြားသော ဆိတ်ငြိမ်တဲ့ ဂူ၊ ကျောင်း၊ ဘုရားတွေမှာ ပိုပြီးအသင့်တော် ဆုံး ဖြစ်လိမ့်မယ်၊
အဲဒီရွှေတိဂုံစေတီတော်ကြီးက အခြားစေတီပုထိုးတွေနှင့် မတူဘူး ဘုရားလေးဆူဖြစ်တဲ့ -
၁။ ကကုဿန်မြတ်စွာဘုရားရဲ့ (တောင်ဝှေးတော်)
၂။ ကောဏဂုံမြတ်စွာဘုရားရဲ့ (ရေစစ်တော်)
၃။ ကဿပမြတ်စွာဘုရားရဲ့ (ရေသနုပ်တော်)
၎။ ဂေါတမမြတ်စွာဘုရားရဲ့ (ဆံတော်(၈)ဆူ)
စသည့်ဘုရားလေးဆူရဲ့ ဓါတ်တော်မွေတော်တွေကိန်းအောင်းနေတဲ့အတွက် ထွက်ရပ်လမ်းလိုက်ခဲ့ကြတဲ့ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ဘားမဲ့၊ ရှင်မထီး၊ ရှင်အဇ္ဇဂေါဏ အစရှိတဲ့ ပုဂ္ဂိုလ်အကျော်အမော်တွေ အခြားသော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေ လောကီဆရာတွေဟာ အဲဒီရွှေတိဂုံစေတီပေါ်မှာရှိတဲ့ အံ့ဖွယ်ကိုးဌာနမှာ အဓိဌာန်ဝင်၍ ကျင့်ကြံအားထုတ်ပြီး ပေါက်မြောက်သွားခဲ့ကြတယ်၊
ရွှေတိဂုံစေတီတော်မှ အံ့ဖွယ်ကိုးဌာန
(၁) တ၀ဂူဆုတောင်းပြည့်ဘုရား (စေတီတော်ကြီး၏ အရှေ့ဘက်အထက်ပစ္စယံတွင်ရှိသည်)
(၂) ၀ိဇ္ဇာဇော်ဂျီဆုတောင်းပြည့်ဘုရား(စေတီတော်ကြီး၏စနေတောင့်ရှိစေတီငယ်ပေါ်တွင်ဝိဇ္ဇာဇော်ဂျီရုပ်
များရှိသည့် နေရာ)
(၃) ဆုတောင်းပြည့်ဘုရား (စေတီတော်ကြီး၏ ရာဟုထောင့်ရှိဘားလေးဘားဘုရား၊ ရှင်စောပုဘုရား)
(၄) ရှင်မထီးဆုတောင်းပြည့်ဘုရား(စေတီတော်ကြီး၏တနင်္ဂနွေထောင့်မြောက်ဘက်ရှိရှင်မထီး
တန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်)
(၅) ရှင်အဇ္ဇဂေါဏဘုရား (စေတီတော်ကြီး၏ တနင်္ဂနွေထောင့် တောင်ဘက် တန်ဆောင်းအတွင်းရှိ
ဆိတ်မျက်လုံးတစ်ဘက် နွားမျက်လုံးတစ်ဘက် ရှိသောနေရာဖြစ်သည်)
(၆) ဆံတော်တွင်းဆုတောင်းပြည့်ဘုရား(စေတီတော်ကြီး၏ မြောက်ဘက်ဆံတော်တွင်း
တန်ဆောင်းအတွင်းရှိ ဘုရားရုပ်ပွားတော်ရှိသည့်နေရာဖြစ်သည်)
(၇) ဘိုးဘိုးအောင်ဆုတောင်းပြည့်ဘုရား (စေတီတော်ကြီး၏ အရှေ့ဘက်ဘိုးဘိုးအောင် တန်းဆောင်း
အတွင်းရှိ ကျား ၊ ခြင်္သေ့ဘုရားရှိသည့်နေရာဖြစ်သည်)
(၈) လက်ပက်လက်ဆုတောင်းပြည့်ဘုရား(စေတီတော်ကြီး၏ အရှေ့ဘက် အာရုံခံတန်ဆောင်းအတွင်းရှိ
ကကုဿန်မြတ်စွာဘုရားရှိသည့်နေရာဖြစ်သည်)
(၉) ပြဒါးရှင်ဆုတောင်းပြည့်ဘုရား(စေတီတော်ကြီး၏ အင်္ဂါထောင့်ရှိစေတီငယ်အတွင်းရှိကြေးဆင်းတု
ရုပ်ပွားတော် ရှိသည့်နေရာ)အဆိုပါရုပ်ပွားတော်သည် ပြဒါးရှင်လုံးဌာပနာထားသည်ဟုဆိုသည်။
လောကီအကျိုးအံ့ဖွယ်ကိုး ဟုအဆိုရှိထားသည့် အတွက် အဲဒီ အံ့ဖွယ်ကိုးဌာနတွင်တစ်ဌာနကို (၉) ရက် ဖြင့် တစ်ရက်ကို ပုတီး(၉) ပတ်စိတ်ပြီး ကိုးဌာနပြည့်အောင် အဓိဌာန်ဝင်မယ် ၊ ကျင့်ကြံအားထုတ်မယ်ဆိုရင်ယခင် သင်ယူလို့သိတဲ့အသိတွေထက် အလွန်ထူးခြားတဲ့ လျှို့ဝှက်နက်နဲ့တဲ့ အသိတွေ ရရှိမှာသေချာတယ်ဟု ဆရာတော်မှ မိန့်မှာသွားခဲ့ပါသည်။
ဤကဲ့သို့ဆရာတော်ဘုရားမိန်မှာခဲ့သည့်အတိုင်းကျွန်ုပ်သည်ဤအံ့ဖွယ်ကိုးဌာနတွင်အဓိဌာန်ဝင်ခဲ့ရာလာကီပညာအပေါ်ယခင်သိထားတဲ့ အသိတွေထက် ဂမ္ဘီရဆန်ပြီး လျှို့ဝှက် နက်နဲ့တဲ့အသိတွေသိရှိလာသည့် အပြင် လောကီအကျိုးများ ရရှိလာခဲ့သည်မှာ ကိုယ်တွေ့ပင်ဖြစ်ပေသည်။
ဤကဲ့သို့ အလွန်ထူးခြားသော ရွှေတိဂုံစေတီပေါ်မှ လောကီအကျိုးအံ့ဖွယ်ကိုး ဆိုသည့် ဤအံ့ဖွယ်ကိုးဌာနတွင် ဘ၀တူ လောကီဆရာများ၊လောကီအကျိုးလိုလားသော(၇)ရက်သားသမီးများတို့ကိုကျင့်ကြံအားထုတ်ကြပါဟုမတ္တာရှေ့ထား၍ လက်ဆင့် ကမ်း ရေးသားဖော်ပြလိုက်ပါသည်။
ချမ်းသာသုခရကြပါစေ
ဆရာဘုန်းမြင့်ထွန်း
ဆန်းကျမ်း၊လက္ခဏာ
အင်္ဂဝိဇ္ဇာ၊ ဂမ္ဘီရသုတေသီ
Wednesday, September 18, 2013
ဏဘရံ ဘေးမရှိ
ဏဘရံ ဘေးမရှိ
ဏဘရံ ဘေးမရှိ စမ နှင့် ဤ စမ အကြောင်းသိကောင်းစရာ……..
တစ်ခါက အဌာရဿ (၁၈) ရပ်တတ်မြောက်သော မင်းသားသုံးဦးတို့သည် တောကစားထွက်ကြရာ တွင် နယ်ကျွံ့၍ အလွန်ကြမ်းတမ်းသော ဘီလူးသုံးဆယ်နေထိုင်သည့် နယ်မြေထဲသို့ ရောက်သွားလေ၏။ ထိုအခါ ဤဘီလူးသုံးဆယ်တို့သည်မင်းသားသုံးဦးတို့အား အန္တရာယ်ပြုဖို့ကြိုးစားကြပေသည်။ အဆိုပါအဌာရဿ (၁၈) ရပ်တတ်မြောက်သော မင်းသားသုံးဦးတို့သည် မြေပေါ်တွင်စည်းတား၍ က ကြီးမှ အ အထိဗျည်း (၃၃) လုံး အနက် မှ နံပါတ်(၁၅) လုံးမြောက်ဖြစ်သော ဏ အက္ခရာကို ပထမမင်းသားတစ်ဦးမှ မြေပေါ်တွင် ထင်ရှားစွာ ရေးလေ၏။ ဒုတိယ မင်းသားတစ်ဦးမှ ဗျည်း (၃၃) လုံးအနက်မှ နံပါတ်(၂၄) လုံးမြောက်ဖြစ်သော ဘ အက္ခရာ ကို မြေပေါ်တွင် ထင်ရှားစွာရေးပြန်သည်။ တတိယမင်းသားက ဗျည်း(၃၃) လုံးအနက်မှ နံပါတ်(၂၇) လုံးမြောက် ဖြစ်သော ရ အက္ခရာ ကို မြေပေါ်တွင်ထင်ရှားစွာရေးပြန်၏။ အဆိုပါနံပါတ်(၂၇) သည် န၀င်းန၀င်းဖြစ်နေခြင်း ကြောင့် ရ ပေါ်တွင် ကိုးန၀င်းတင်၍ံ သေးသေးတင် သဖွယ်ရေးကြပြီး မင်းသားသုံးဦးတို့သည် ဥုံမ် ဏဘရံ ဘေးမရှိ ဟူ၍ မာန်အပြည့်ဖြင့် (၂၇) ခေါက် တိတိ ဥုံမ် ခံ၍ရွက်ဆိုကြလေ၏။
ထိုအခါ ဏဘရံ ဘေးမရှိ ဆိုသည့် စမ ၏ အစွမ်းကြောင့် ၊ အသံ ၏ အစွမ်းကြောင့် ၊ အလွန် ကြမ်းတမ်းသော ဘီလူးသုံးဆယ်တို့သည် ခုနှစ်နေ့ ခုနှစ်ည ကြိုးစားကြသော်လည်း မင်းသားသုံးဦးတို့အား ဖမ်းဆီး၍ မရ အန္တရာယ်ပြု၍ မရကြပေ။ မင်းသားသုံးဦးတို့မှလည်း ဘီလူးသုံးဆယ်နေထိုင်သည့်နယ်မြေထဲ မှ ထွက်၍ မရဖြစ်နေပေတော့သည်။ ထိုအခါ ဘီလူး သုံးဆယ် မှငါတို့နှင့်မင်းသားသုံးဦးတို့ပညာ ပြိုင်မည်။ ငါတို့ဘီလူးသုံးဆယ်နိုင်ပါက အသင်မင်းသားတို့၏ အသွေးအသားကိုစားမည်။ အသင်တို့နိုင်ပါက လည်းငါတို့ကို ကြိုက်သလို စီရင်ပေတော့ ဟုပြောဆိုရာ မင်းသားသုံးဦးတို့မှလည်း ဒါဆိုရင် အသင်ဘီလူး သုံးဆယ်နှင့်ငါတို့ သုံးဦးစုစုပေါင်း(၃၃) ဦး တစ်ဦ ဗျည်းအက္ခရာတစ်လုံးစီယူ၍တန်းစီကြမည်။ (၁) မှ (၁၀)ထိအကြိမ်ပေါင်း (၃၀) ရေတွက်မည်။(၁၀)ကျသူသည် သေကြရပေမည်။ နောက်ဆုံးဗျည်းအက္ခရာ သုံးလုံး ကိုင်ထားသည့် သုံးဦးသာကျန်မည် ဟုပြောဆိုရာ ဘီလူးသုံးဆယ်မှလည်း သဘောတူကြ၍ အပြန်အလှန်ကတိပြုကြလေ၏။ ဤကဲ့သို ကတိပြုကြသည့် အတိုင်းဘီလူး သုံးဆယ်နှင့် မင်းသားသုံးဦးတို့သည် ဗျည်းအက္ခရာ တစ်လုံးစီယူ၍ တန်းစီကြလေ၏။
ပထမမင်းသားတစ်ဦးသည် ´ဏ´ အက္ခရာကိုယူ၍ နံပါတ်`(၁၅) နေရာတွင် တန်းစီလေ၏။ ဒုတိယမင်းသားတစ်ဦးသည်လည်း ´ဘ´ အက္ခရာကိုယူ၍ နံပါတ် (၂၄) နေရာတွင် တန်းစီးလေ၏။ တတိယမင်းသားတစ်ဦးမှလည်း ´ရ´အက္ခရာကိုယူ၍ နံပါတ် (၂၇) နေရာတွင် အသီးသီးတန်းစီကြပြီး (၁) မှ (၁၀) ထိ အကြိမ်ပေါင်း (၃၀) ရေတွက်ရာ နောက်ဆုံးကျန့်သည့် သုံးဦးသည် ´ဏ´ အက္ခရာကိုင်ထားသည့် မင်းသားကျန်လေ၏။ ´ဘ´ အက္ခရာကိုင်ထားသည့်မင်းသားကျန်၏။ ´ရ´ အက္ခရာ ကိုင်ထားသည့် မင်းသားကျန်လေ၏။ အဆိုပါ အဌာရဿ (၁၈) ရပ်တတ်မြောက်သော မင်းသားသုံးဦးတို့သည် ´ဏဘရံ ဘေးမရှိ´ ဆိုသည့် စမ ၏ အစွမ်းကြောင့် ဘီလူးသုံးဆယ်နယ်မြေထဲမှလွတ်မြောက်၍ ဘေးမရှိဘဲမိမိတိုင်းပြည်သို့ ချောမောစွာပြန်လည်ရောက်ရှိလာပေ၏။
ဤအချိန်မှစ၍ ´ဏဘရံ ဘေးမရှိ´ ဆိုသည့် စမသည် အစွမ်းထက်၍ အသက်ဝင်လာခဲ့ပေသည်။ ဤကဲ့သို့အစွမ်းထက်၍ အသက်ဝင်ပြီးဖြစ်သည့် ´ဏဘရံ ဘေးမရှိ´ စမကို ကျွန်ုပ်နှင့်ဘ၀တူ လောကီဆရာများနှင့် လောကီပညာရပ်များကို ယုံကြည်သူများအနေဖြင့် ရွှေပြားမှာသော်လည်းကောင်း၊ ငွေပြားမှာသော်လည်းကောင်း၊ ကြေးပြားမှာသော်လည်းကောင်း၊ အခြားသော ရေး၍ရသောပစ္စည်းများပေါ်တွင် နေ့ကောင်းရက်မြတ်နှင့် အချိန်ကောင်း၊ အခါကောင်းများကို ရွေးချယ်ပြီး ´ဏဘရံ ဘေးမရှိ´ စမကို စီရင်၍ ခုနှစ်ရက်သားသမီးများအား အဆောင်အဖြစ်ပေးခြင်း၊ မိမိကိုယ်တိုင်ဆောင်ထားပါက ဘေးမရှိ ရန်မရှိသည် ဧကန်မုချပင်ဖြစ်ပေမည်။
အဆိုပါ ‘ ဏဘရံ ဘေးမရှိ ‘ စမ သည် နှစ်မျိုးရှိလေ၏။
ဤ ဏဘရံဘေးမရှိ စမ သည် မိမိ ဒေသမှ အခြားဒေသ သို့ သွားရောက်ရာတွင် လမ်းခရီး တွင် ဘေးမရှိရန်မရှိဘဲ ချောမောစွာသွားနိုင်ဖို့အတွက် ဆောင်ရမည့် စမ ဖြစ်သည်။
ဤ ‘ဏဘရံ ဘေးမရှိ ‘ စမ သည် ရေခြား၊ မြေခြား လူမျိုးခြား၊ ဒေသခြား၊ နိုင်ငံခြား တိုင်းပြည် များတွင် နေထိုင်သူများနှင့် အလုပ်လုပ်ကိုင်နေကြသူများ ၊ အဆိုပါဒေသမှ ပြန်လာသည့်ခရီးတွင် ဘေးမရှိရန်မရှိ ဘဲ ချောမောစွာ ပြန်လာနိုင်ဖို့ အတွက် ဆောင်ရမည့် စမ ဖြစ်သည်။
ဤ ဏဘရံ ဘေးမရှိ စမ နှစ်မျိုးကိုယုံကြည်မှု မပြည့်ဖြင့် အဆေင်အဖြစ် အသုံးပြုပါက အလွန် အစွမ်း ထက်၍ ဘေးရန်မရှိသည်မှာ ကိုယ့်တွေ့ဖြစ်ပေသည်။ မှတ်ချက်။ ။ ဏဘရံ ဘေးမရှိ စမ နှင့်ပတ်သက်၍ အချို့ မှုများတွင် ဏ မဟုတ်ဘဲ န ဖြစ်နေခြင်း ရ မဟုတ်ဘဲ ယ ဖြစ်နေခြင်းသည် မှားယွင်းနေ၍ အမှန်ကိုသိရှိစေရန်နှင့် အမှန်ကိုပြင်နိုင်စေရန် မေတ္တာတရား ရှေ့ထား၍ အသိပေးအကြံပြုလိုက်ပါသည်။
Subscribe to:
Posts (Atom)