Thursday, September 19, 2013

လေးဆူဓါတ်တွေခိုလုံ မြတ်ရွှေတိဂုံ


လေးဆူဓါတ်တွေခိုလုံ မြတ်ရွှေတိဂုံ

လောကီအကျိုး အံ့ဖွယ်ကိုး

လွန်ခဲ့သော ၂၅ နှစ်ခန့်မှ ဘုတ်ပြင်းဆရာတော် ဦးညာဏထံတွင်ကျွန်ုပ်သည် မြန်မာ့ရိုးရာ လက်ဆန်းဗေဒင် ပညာရပ်များ ဖြစ်သော မဟာဘုတ်၊ သုံးတန်းပေါနိစ်၊ ဆန်းကျမ်း၊ အင်္ဂ၀ိဇ္ဇာ၊ အယူတော်မင်္ဂလာနည်း၊ ဓါတ်ရိုက် ဓါတ်ဆင်၊ အင်းပညာ၊ စမပညာများနှင့် ဂါထာ၊ မန္တာန်၊ မန္တရားစသော မြန်မာ့ရိုးရာ လောကီ ပညာများကို သင် ယူ နေစဉ် တစ်နေ့၌ဆရာတော်မှ ကျွန်ုပ်အားမှတ်မိရဲ့လား ၊နားရောလည်ရဲ့လားဟု မေးလေ၏ ကျွန်ုပ်မှလည်း မှတ်မိပါတယ်ဘုရား၊ နားလည်ပါတယ် ဘုရားဟု လျှောက်ထားရာ ထိုအခါ ဆရာတော်မှ ဘယ်ပညာ ရပ်မဆို သင်ပေးတဲ့ဆရာက မိမိတတ်တဲ့ပညာကို မချွင်းမချန်၊ မကွယ်မ၀ှက်၊ တစ်လုံးတပါဒမှ မကျန်၊ ငှက်မကြီးမှ ငှက်သားလေးတွေကို အစာခွန့်ကျွေးသလို မေတ္တာထားပြီးသင်ပေးမယ် တပည့် ဖြစ်သူ ပညာအမွေခံမည့် သူ ဘက်မှလည်း လိုချင်သည့် ဆန္ဒတွေပြင်းပြနေမယ် စိတ်ရော ကိုယ်ပါပညာရပ် ထဲမှာ နှစ်မြုပ်ထားမယ် ဆိုရင် တော့ သိဖို့တတ်ဖို့၊ မခဲယဉ်းဘူး။ လောကီပညာရပ်တွေ လေ့လာတဲ့နေရာမှာ သင်ယူတဲ့နေရာမှာ အခြားပညာ တွေနဲ့ မတူဘူး၊ နောက်ထပ်ဆက်လုပ်ရမည့် အလုပ်တွေက အများကြီးရှိသေးတယ်။ အဲဒီအလုပ်တွေကျတော့ဆရာသင်ပေးလို့မရဘူးတပည့်ဖြစ်သူကကိုယ်တိုင်ကလေးလေးနက်နက်လုပ်ရမှာဖြစ်တယ်။


လောကီပညာရပ်တွေကို လေ့လာလိုက်စားတဲ့သူတွေဟာ ကျင့်ကြံအားထုတ်မှု အပိုင်းများများလုပ်ရလိမ့်မယ် ၊ ကျင့်ကြံအားထုတ်ပြီးရလာတဲ့ အသိနဲ့ နဂိုလ်သင်ယူထားတဲ့အသိတွေ ပေါင်းစပ်မှသာ လျို့ဝှက် နက်နဲတဲ့ ပညာရပ်တွေ သိရှိသဘောပေါက်နားလည်လာလိမ့်မယ်။ ကျင့်ကြံအားထုတ်တဲ့နေရာမှာလည်း အချိန် မှန်ရမယ်၊ နေရာမှန်ရမယ်၊ ပုတီးပါတ်ရေမှန်ရမယ်၊ မှန်ကန်တဲ့ဆန္ဒတစ်ခုပြုရမယ်၊ သတ်သတ်လွတ်စားရမယ် ၊ ငါးပါးသီလစောင့်ထိန်းရမယ်၊ ၀တ်ဖြူစင်ကြယ်(သို့) ယောဂီဝတ်ရမယ်၊ အဲဒီခုနှစ်ချက်နှင့်အညီ ကျင့်ကြံအား ထုတ် မယ်ဆိုရင် ကျင့်သလောက်တော့ ရလိမ့်မယ် ၊ လိုသလောက်တော့ မရဘူး၊ ကျင့်ကြံအားထုတ်ရာတွင်လည်း ရွှေတိဂုံစေတီတော်ကြီးနှင့် အခြားသော ဆိတ်ငြိမ်တဲ့ ဂူ၊ ကျောင်း၊ ဘုရားတွေမှာ ပိုပြီးအသင့်တော် ဆုံး ဖြစ်လိမ့်မယ်၊

အဲဒီရွှေတိဂုံစေတီတော်ကြီးက အခြားစေတီပုထိုးတွေနှင့် မတူဘူး ဘုရားလေးဆူဖြစ်တဲ့ -

၁။ ကကုဿန်မြတ်စွာဘုရားရဲ့ (တောင်ဝှေးတော်)
၂။ ကောဏဂုံမြတ်စွာဘုရားရဲ့ (ရေစစ်တော်)
၃။ ကဿပမြတ်စွာဘုရားရဲ့ (ရေသနုပ်တော်)
၎။ ဂေါတမမြတ်စွာဘုရားရဲ့ (ဆံတော်(၈)ဆူ)

စသည့်ဘုရားလေးဆူရဲ့ ဓါတ်တော်မွေတော်တွေကိန်းအောင်းနေတဲ့အတွက် ထွက်ရပ်လမ်းလိုက်ခဲ့ကြတဲ့ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ဘားမဲ့၊ ရှင်မထီး၊ ရှင်အဇ္ဇဂေါဏ အစရှိတဲ့ ပုဂ္ဂိုလ်အကျော်အမော်တွေ အခြားသော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေ လောကီဆရာတွေဟာ အဲဒီရွှေတိဂုံစေတီပေါ်မှာရှိတဲ့ အံ့ဖွယ်ကိုးဌာနမှာ အဓိဌာန်ဝင်၍ ကျင့်ကြံအားထုတ်ပြီး ပေါက်မြောက်သွားခဲ့ကြတယ်၊

ရွှေတိဂုံစေတီတော်မှ အံ့ဖွယ်ကိုးဌာန

(၁) တ၀ဂူဆုတောင်းပြည့်ဘုရား (စေတီတော်ကြီး၏ အရှေ့ဘက်အထက်ပစ္စယံတွင်ရှိသည်)
(၂) ၀ိဇ္ဇာဇော်ဂျီဆုတောင်းပြည့်ဘုရား(စေတီတော်ကြီး၏စနေတောင့်ရှိစေတီငယ်ပေါ်တွင်ဝိဇ္ဇာဇော်ဂျီရုပ်
      များရှိသည့် နေရာ)
(၃) ဆုတောင်းပြည့်ဘုရား (စေတီတော်ကြီး၏ ရာဟုထောင့်ရှိဘားလေးဘားဘုရား၊ ရှင်စောပုဘုရား)
(၄) ရှင်မထီးဆုတောင်းပြည့်ဘုရား(စေတီတော်ကြီး၏တနင်္ဂနွေထောင့်မြောက်ဘက်ရှိရှင်မထီး
      တန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်)
(၅) ရှင်အဇ္ဇဂေါဏဘုရား (စေတီတော်ကြီး၏ တနင်္ဂနွေထောင့် တောင်ဘက် တန်ဆောင်းအတွင်းရှိ
      ဆိတ်မျက်လုံးတစ်ဘက် နွားမျက်လုံးတစ်ဘက် ရှိသောနေရာဖြစ်သည်)
(၆) ဆံတော်တွင်းဆုတောင်းပြည့်ဘုရား(စေတီတော်ကြီး၏ မြောက်ဘက်ဆံတော်တွင်း
      တန်ဆောင်းအတွင်းရှိ ဘုရားရုပ်ပွားတော်ရှိသည့်နေရာဖြစ်သည်)
(၇) ဘိုးဘိုးအောင်ဆုတောင်းပြည့်ဘုရား (စေတီတော်ကြီး၏ အရှေ့ဘက်ဘိုးဘိုးအောင် တန်းဆောင်း
      အတွင်းရှိ ကျား ၊ ခြင်္သေ့ဘုရားရှိသည့်နေရာဖြစ်သည်)
(၈) လက်ပက်လက်ဆုတောင်းပြည့်ဘုရား(စေတီတော်ကြီး၏ အရှေ့ဘက် အာရုံခံတန်ဆောင်းအတွင်းရှိ
      ကကုဿန်မြတ်စွာဘုရားရှိသည့်နေရာဖြစ်သည်)
(၉) ပြဒါးရှင်ဆုတောင်းပြည့်ဘုရား(စေတီတော်ကြီး၏ အင်္ဂါထောင့်ရှိစေတီငယ်အတွင်းရှိကြေးဆင်းတု
      ရုပ်ပွားတော် ရှိသည့်နေရာ)အဆိုပါရုပ်ပွားတော်သည် ပြဒါးရှင်လုံးဌာပနာထားသည်ဟုဆိုသည်။

လောကီအကျိုးအံ့ဖွယ်ကိုး ဟုအဆိုရှိထားသည့် အတွက် အဲဒီ အံ့ဖွယ်ကိုးဌာနတွင်တစ်ဌာနကို (၉) ရက် ဖြင့် တစ်ရက်ကို ပုတီး(၉) ပတ်စိတ်ပြီး ကိုးဌာနပြည့်အောင် အဓိဌာန်ဝင်မယ် ၊ ကျင့်ကြံအားထုတ်မယ်ဆိုရင်ယခင် သင်ယူလို့သိတဲ့အသိတွေထက် အလွန်ထူးခြားတဲ့ လျှို့ဝှက်နက်နဲ့တဲ့ အသိတွေ ရရှိမှာသေချာတယ်ဟု ဆရာတော်မှ မိန့်မှာသွားခဲ့ပါသည်။

 ဤကဲ့သို့ဆရာတော်ဘုရားမိန်မှာခဲ့သည့်အတိုင်းကျွန်ုပ်သည်ဤအံ့ဖွယ်ကိုးဌာနတွင်အဓိဌာန်ဝင်ခဲ့ရာလာကီပညာအပေါ်ယခင်သိထားတဲ့ အသိတွေထက် ဂမ္ဘီရဆန်ပြီး လျှို့ဝှက် နက်နဲ့တဲ့အသိတွေသိရှိလာသည့် အပြင် လောကီအကျိုးများ ရရှိလာခဲ့သည်မှာ ကိုယ်တွေ့ပင်ဖြစ်ပေသည်။

ဤကဲ့သို့ အလွန်ထူးခြားသော ရွှေတိဂုံစေတီပေါ်မှ လောကီအကျိုးအံ့ဖွယ်ကိုး ဆိုသည့် ဤအံ့ဖွယ်ကိုးဌာနတွင် ဘ၀တူ လောကီဆရာများ၊လောကီအကျိုးလိုလားသော(၇)ရက်သားသမီးများတို့ကိုကျင့်ကြံအားထုတ်ကြပါဟုမတ္တာရှေ့ထား၍ လက်ဆင့် ကမ်း ရေးသားဖော်ပြလိုက်ပါသည်။

                                                                                                           ချမ်းသာသုခရကြပါစေ
                                                                                                           ဆရာဘုန်းမြင့်ထွန်း
                                                                                                           ဆန်းကျမ်း၊လက္ခဏာ
                                                                                                           အင်္ဂဝိဇ္ဇာ၊ ဂမ္ဘီရသုတေသီ

Wednesday, September 18, 2013

ဏဘရံ ဘေးမရှိ



ဏဘရံ ဘေးမရှိ





ဏဘရံ ဘေးမရှိ စမ နှင့် ဤ စမ အကြောင်းသိကောင်းစရာ……..

တစ်ခါက အဌာရဿ (၁၈) ရပ်တတ်မြောက်သော မင်းသားသုံးဦးတို့သည် တောကစားထွက်ကြရာ တွင် နယ်ကျွံ့၍ အလွန်ကြမ်းတမ်းသော ဘီလူးသုံးဆယ်နေထိုင်သည့် နယ်မြေထဲသို့ ရောက်သွားလေ၏။ ထိုအခါ ဤဘီလူးသုံးဆယ်တို့သည်မင်းသားသုံးဦးတို့အား အန္တရာယ်ပြုဖို့ကြိုးစားကြပေသည်။ အဆိုပါအဌာရဿ (၁၈) ရပ်တတ်မြောက်သော မင်းသားသုံးဦးတို့သည် မြေပေါ်တွင်စည်းတား၍ က ကြီးမှ အထိဗျည်း (၃၃) လုံး အနက် မှ နံပါတ်(၁၅) လုံးမြောက်ဖြစ်သော အက္ခရာကို ပထမမင်းသားတစ်ဦးမှ မြေပေါ်တွင် ထင်ရှားစွာ ရေးလေ၏။ ဒုတိယ မင်းသားတစ်ဦးမှ ဗျည်း (၃၃) လုံးအနက်မှ နံပါတ်(၂၄) လုံးမြောက်ဖြစ်သော အက္ခရာ ကို မြေပေါ်တွင် ထင်ရှားစွာရေးပြန်သည်။ တတိယမင်းသားက ဗျည်း(၃၃) လုံးအနက်မှ နံပါတ်(၂၇) လုံးမြောက် ဖြစ်သော ရ အက္ခရာ ကို မြေပေါ်တွင်ထင်ရှားစွာရေးပြန်၏။ အဆိုပါနံပါတ်(၂၇) သည် န၀င်းန၀င်းဖြစ်နေခြင်း ကြောင့် ရ ပေါ်တွင် ကိုးန၀င်းတင်၍ံ သေးသေးတင် သဖွယ်ရေးကြပြီး မင်းသားသုံးဦးတို့သည် ဥုံမ် ဏဘရံ ဘေးမရှိ ဟူ၍ မာန်အပြည့်ဖြင့် (၂၇) ခေါက် တိတိ ဥုံမ် ခံ၍ရွက်ဆိုကြလေ၏။


ထိုအခါ ဏဘရံ ဘေးမရှိ ဆိုသည့် စမ ၏ အစွမ်းကြောင့် ၊ အသံ ၏ အစွမ်းကြောင့် ၊ အလွန် ကြမ်းတမ်းသော ဘီလူးသုံးဆယ်တို့သည် ခုနှစ်နေ့ ခုနှစ်ည ကြိုးစားကြသော်လည်း မင်းသားသုံးဦးတို့အား ဖမ်းဆီး၍ မရ အန္တရာယ်ပြု၍ မရကြပေ။ မင်းသားသုံးဦးတို့မှလည်း ဘီလူးသုံးဆယ်နေထိုင်သည့်နယ်မြေထဲ မှ ထွက်၍ မရဖြစ်နေပေတော့သည်။ ထိုအခါ ဘီလူး သုံးဆယ် မှငါတို့နှင့်မင်းသားသုံးဦးတို့ပညာ ပြိုင်မည်။ ငါတို့ဘီလူးသုံးဆယ်နိုင်ပါက အသင်မင်းသားတို့၏ အသွေးအသားကိုစားမည်။ အသင်တို့နိုင်ပါက လည်းငါတို့ကို ကြိုက်သလို စီရင်ပေတော့ ဟုပြောဆိုရာ မင်းသားသုံးဦးတို့မှလည်း ဒါဆိုရင် အသင်ဘီလူး သုံးဆယ်နှင့်ငါတို့ သုံးဦးစုစုပေါင်း(၃၃) ဦး တစ်ဦ ဗျည်းအက္ခရာတစ်လုံးစီယူ၍တန်းစီကြမည်။ (၁) မှ (၁၀)ထိအကြိမ်ပေါင်း (၃၀) ရေတွက်မည်။(၁၀)ကျသူသည် သေကြရပေမည်။ နောက်ဆုံးဗျည်းအက္ခရာ သုံးလုံး ကိုင်ထားသည့် သုံးဦးသာကျန်မည် ဟုပြောဆိုရာ ဘီလူးသုံးဆယ်မှလည်း သဘောတူကြ၍ အပြန်အလှန်ကတိပြုကြလေ၏။ ဤကဲ့သို ကတိပြုကြသည့် အတိုင်းဘီလူး သုံးဆယ်နှင့် မင်းသားသုံးဦးတို့သည် ဗျည်းအက္ခရာ တစ်လုံးစီယူ၍ တန်းစီကြလေ၏။


ပထမမင်းသားတစ်ဦးသည် ´ဏ´ အက္ခရာကိုယူ၍ နံပါတ်`(၁၅) နေရာတွင် တန်းစီလေ၏။ ဒုတိယမင်းသားတစ်ဦးသည်လည်း ´ဘ´ အက္ခရာကိုယူ၍ နံပါတ် (၂၄) နေရာတွင် တန်းစီးလေ၏။ တတိယမင်းသားတစ်ဦးမှလည်း ´ရ´အက္ခရာကိုယူ၍ နံပါတ် (၂၇) နေရာတွင် အသီးသီးတန်းစီကြပြီး (၁) မှ (၁၀) ထိ အကြိမ်ပေါင်း (၃၀) ရေတွက်ရာ နောက်ဆုံးကျန့်သည့် သုံးဦးသည် ´ဏ´ အက္ခရာကိုင်ထားသည့် မင်းသားကျန်လေ၏။ ´ဘ´ အက္ခရာကိုင်ထားသည့်မင်းသားကျန်၏။ ´ရ´ အက္ခရာ ကိုင်ထားသည့် မင်းသားကျန်လေ၏။ အဆိုပါ အဌာရဿ (၁၈) ရပ်တတ်မြောက်သော မင်းသားသုံးဦးတို့သည် ´ဏဘရံ ဘေးမရှိ´ ဆိုသည့် စမ ၏ အစွမ်းကြောင့် ဘီလူးသုံးဆယ်နယ်မြေထဲမှလွတ်မြောက်၍ ဘေးမရှိဘဲမိမိတိုင်းပြည်သို့ ချောမောစွာပြန်လည်ရောက်ရှိလာပေ၏။


ဤအချိန်မှစ၍ ´ဏဘရံ ဘေးမရှိ´ ဆိုသည့် စမသည် အစွမ်းထက်၍ အသက်ဝင်လာခဲ့ပေသည်။ ဤကဲ့သို့အစွမ်းထက်၍ အသက်ဝင်ပြီးဖြစ်သည့် ´ဏဘရံ ဘေးမရှိ´ စမကို ကျွန်ုပ်နှင့်ဘ၀တူ လောကီဆရာများနှင့် လောကီပညာရပ်များကို ယုံကြည်သူများအနေဖြင့် ရွှေပြားမှာသော်လည်းကောင်း၊ ငွေပြားမှာသော်လည်းကောင်း၊ ကြေးပြားမှာသော်လည်းကောင်း၊ အခြားသော ရေး၍ရသောပစ္စည်းများပေါ်တွင် နေ့ကောင်းရက်မြတ်နှင့် အချိန်ကောင်း၊ အခါကောင်းများကို ရွေးချယ်ပြီး ´ဏဘရံ ဘေးမရှိ´ စမကို စီရင်၍ ခုနှစ်ရက်သားသမီးများအား အဆောင်အဖြစ်ပေးခြင်း၊ မိမိကိုယ်တိုင်ဆောင်ထားပါက ဘေးမရှိ ရန်မရှိသည် ဧကန်မုချပင်ဖြစ်ပေမည်။


အဆိုပါ ‘ ဏဘရံ ဘေးမရှိ ‘ စမ သည် နှစ်မျိုးရှိလေ၏။

ဏဘရံဘေးမရှိ စမ သည် မိမိ ဒေသမှ အခြားဒေသ သို့ သွားရောက်ရာတွင် လမ်းခရီး တွင် ဘေးမရှိရန်မရှိဘဲ ချောမောစွာသွားနိုင်ဖို့အတွက် ဆောင်ရမည့် စမ ဖြစ်သည်။


‘ဏဘရံ ဘေးမရှိ ‘ စမ သည် ရေခြား၊ မြေခြား လူမျိုးခြား၊ ဒေသခြား၊ နိုင်ငံခြား တိုင်းပြည် များတွင် နေထိုင်သူများနှင့် အလုပ်လုပ်ကိုင်နေကြသူများ ၊ အဆိုပါဒေသမှ ပြန်လာသည့်ခရီးတွင် ဘေးမရှိရန်မရှိ ဘဲ ချောမောစွာ ပြန်လာနိုင်ဖို့ အတွက် ဆောင်ရမည့် စမ ဖြစ်သည်။


ဏဘရံ ဘေးမရှိ စမ နှစ်မျိုးကိုယုံကြည်မှု မပြည့်ဖြင့် အဆေင်အဖြစ် အသုံးပြုပါက အလွန် အစွမ်း ထက်၍ ဘေးရန်မရှိသည်မှာ ကိုယ့်တွေ့ဖြစ်ပေသည်။ မှတ်ချက်။ ။ ဏဘရံ ဘေးမရှိ စမ နှင့်ပတ်သက်၍ အချို့ မှုများတွင် မဟုတ်ဘဲ ဖြစ်နေခြင်း မဟုတ်ဘဲ ဖြစ်နေခြင်းသည် မှားယွင်းနေ၍ အမှန်ကိုသိရှိစေရန်နှင့် အမှန်ကိုပြင်နိုင်စေရန် မေတ္တာတရား ရှေ့ထား၍ အသိပေးအကြံပြုလိုက်ပါသည်။









Sunday, August 25, 2013

မဟာဘုတ်နှင့် န၀င်းယတြာ


မဟာဘုတ်နှင့် န၀င်းယတြာ

န၀င်းယတြာအစီအရင်နှင့် မဟာဘုတ်သဘော

အထွန်ဖွား

အထွန်းဖွားအားလုံးတို့ကို န၀င်းယတြာအစီအရင်ပြုလုပ်မည်ဆိုပါက မူလမဟာဘုတ်၏ အဓိပတိအိမ်တွင် ရှိသော ဆပွတ်ဂြိုလ်ကို ဆောင်ပန်း အဖြစ်အသုံးပြု၍ ပုတိအိမ်ရှိသော တြိရန်းဂြိုလ်ကို နင်းကြမ်း အဖြစ်အသုံးပြုမှသာ အစွမ်းထက်သော န၀င်းယတြာ ဖြစ်ပေသည်။

မှတ်ချက်။ ။ အထွန်းဖွားများသည် န၀င်းသုံးမျိုးအနက်မှ အဆိုပါ ဆပွတ်နှင့် တြိရန်းတွဲသည့် (အတွင်းန၀င်း) တစ်မျိုးသာစီရင်လို့ ရပေမည်။ အဆိုပါ အထွန်းဖွားအားလုံးတို့၏ အညွန့်ဂြိုလ်နှင့် ပဉ္စပွတ်ဂြိုလ်တို့သည် မူလမဟာဘုတ်တွင် ဘင်္ဂအိမ်နှင့် မရဏအိမ်များတွင် ရှိနေခြင်းကြောင့် (ဓါတ်န၀င်းနှင့် အပြင်န၀င်း) စီရင်လို့မရပေ။

သိုက်ဖွား

သိုက်ဖွားအားလုံးတို့ကို န၀င်းယတြာအစီအရင်များ ပြုလုပ်မည်ဆိုပါက မူလမဟာဘုတ်၏ အထွန်းအိမ်တွင်ရှိသော ပဉ္စပွတ်ဂြိုလ်ကို ဆောင်ပန်း အဖြစ်သုံး၍ ရာဇအိမ်၌ရှိသော စတုရန်းဂြိုလ်ကို နင်းကြမ်း အဖြစ် အသုံးပြုမှသာအစွမ်းထက်သည် န၀င်းယတြာ အစီအရင်ပင် ဖြစ်ပေမည်။

မှတ်ချက်။ ။ သိုက်ဖွားအားလုံးတို့သည် န၀င်းသုံးမျိုးအနက်မှ ပဉ္စပွတ်နှင့် စတုရန်းဆိုသည့် (အပြင်န၀င်း) တစ်မျိုးသာ စီရင်လို့ရပေသည်။အဆိုပါသိုက်ဖွားအားလုံးတို့၏ အညွန့်ဂြိုလ်နှင့်ဆပွတ်ဂြိုလ် တို့သည် မူလမဟာဘုတ်တွင် မရဏအိမ်နှင့် ဘင်္ဂအိမ် (အညံ့ဌာန) များတွင် ရှိနေခြင်းကြောင့် (ဓါတ်န၀င်းနှင့် အတွင်းန၀င်း) စီရင်လို့မရပေ။

ရာဇဖွား

ရာဇဖွားအားလုံးတို့ကို န၀င်းယတြာအစီအရင်များ ပြုလုပ်မည်ဆိုပါက မူလမဟာဘုတ်၏ အထွန်းအိမ်၌ရှိသော အညွန့်ဂြိုလ်ကို ဆောင်ပန်း အဖြစ်သုံး၍ အဓိပတိအိမ်၌ရှိသော အမြစ်ဂြိုလ်ကို နင်းကြမ်း အဖြစ်သုံးပြုခြင်း (သို့) သိုက်အိမ်၌ရှိသော ပဉ္စပွတ်ဂြိုလ်ကို ဆောင်ပန်း အဖြစ်သုံး၍ ပုတိအိမ်၌ရှိသော စတုရန်းဂြိုလ်ကို နင်းကြမ်း အဖြစ် အသုံးပြုမှသာ အစွမ်းထက်သည့် န၀င်းယတြာ အစီအရင်ဖြစ်ပေမည်။

မှတ်ချက်။ ။ ရာဇဖွားအားလုံးတို့သည် န၀င်းသုံးမျိုးအနက်မှ အမြစ်နှင့်အညွန့်ခေါ်သည့် (ဓါတ်န၀င်း)နှင့် ပဉ္စပွတ်နှင့် စတုရန်းခေါ်သည့် (အပြင်န၀င်း) နှစ်မျိုး စီရင်လို့ရပေသည်။ အဆိုပါရာဇဖွားအားလုံးတို့၏ ဆပွတ်ဂြိုလ်သည် မူလမဟာဘုတ်တွင် မရဏအိမ်၌ ရှိနေခြင်းကြောင့် (အတွင်းန၀င်း) စီရင်လို့မရပေ

ပုတိဖွား

ပုတိဖွားအားလုံတို့သည် န၀င်းယတြာအစီအရင်များပြုလုပ်မည်ဆိုပါက မူလမဟာဘုတ်၏ သိုက်အိမ်တွင်ရှိသော အညွန့်ဂြိုလ်ကို ဆောင်ပန်း အဖြစ်အသုံးပြု၍ ဘင်္ဂအိမ်၌ရှိသောအမြစ်ဂြိုလ်ကို နင်းကြမ်း အဖြစ်အသုံးပြုခြင်း၊ အထွန်းအိမ်တွင်ရှိသော ဆပွတ်ဂြိုလ်ကို ဆောင်ပန်း အဖြစ်သုံး၍ မရဏအိမ်၌ရှိသော တြိရန်းဂြိုလ်ကို နင်းကြမ်း အဖြစ်အသုံးပြုခြင်း၊ ရာဇအိမ်၌ရှိသော ပဉ္စပွတ်ဂြိုလ်ကို ဆောင်ပန်း အဖြစ်အသုံးပြု၍ အဓိပတိအိမ်၌ရှိသော တြိရန်း ဂြိုလ်ကို နင်းကြမ်း အဖြစ်အသုံးပြုမှသာ အစွမ်းထက်မြက်သော န၀င်းယတြာအစီအရင်များ ဖြစ်ပေသည်။အဆိုပါပုတိဖွားများအားလုံးတို့သည် ဓါတ်န၀င်း၊ အတွင်းန၀င်း၊ အပြင်န၀င်း ဆိုသည့် န၀င်းသုံးမျိုးလုံးစီရင်လို့ ရပေသည်။

အဓိပတိဖွား

အဓိပတိဖွားများကို န၀င်းယတြာအစီအရင်များ ပြုလုပ်မည်ဆိုပါက မူလမဟာဘုတ်၏ ရာဇအိမ်တွင်ရှိသော အညွန့်ဂြိုလ်ကို ဆောင်ပန်း အဖြစ်အသုံးပြု၍ မရဏအိမ်၌ရှိသော အမြစ်ဂြိုလ်ကို နင်းကြမ်း အဖြစ်အသုံးပြုမှသာ အစွမ်းထက်သော န၀င်းယတြာအစီအရင်ပင်ဖြစ်ပေမည်။

မှတ်ချက်။ ။ ဆပွတ်ဂြိုလ်နှင့် တြိရန်းဂြိုလ်နှစ်လုံးသည် မူလမဟာဘုတ်၌ (အကောင်းဌာန) တွင်ရှိနေခြင်းကြောင့် (အတွင်းန၀င်း) စီရင်လို့မရပေ၊ ပဉ္စပွတ်ဂြိုလ် နှင့် စတုရန်းဂြိုလ် တို့သည် မူလမဟာဘုတ်တွင် (အညံ့ဌာန) များတွင် ရှိနေခြင်းကြောင့် (အပြင်န၀င်း) စီရင်လို့မရပေ။

ဘင်္ဂဖွား

ဘင်္ဂဖွားအားလုံးတို့ကို န၀င်းယတြာအစီအရင်များ ပြုလုပ်မည်ဆိုပါက မူလမဟာဘုတ်၏ အဓိပတိအိမ်တွင်ရှိသော ပဉ္စပွတ်ဂြိုလ်ကို ဆောင်ပန်း အဖြစ်အသုံးပြု၍၊ မရဏအိမ်၌ရှိသော စတုရန်းဂြိုလ်ကို နင်းကြမ်း အဖြစ်အသုံးပြုမှသာ အစွမ်းထက်မြက်သည့် န၀င်းယတြာအစီအရင်ဖြစ်ပေမည်။ ဘင်္ဂဖွားများမှာ (အပြင်န၀င်း) တစ်မျိုးကိုသာ စီရင်လို့ရပေမည်။

မှတ်ချက်။ ။ ဘင်္ဂဖွားများ၏ အညွန့်ဂြိုလ်သည် မူလမဟာဘုတ်အိမ်တွင် ပုတိ(အညံ့ဌာန)တွင်ရှိနေသည့်အတွက် (ဓါတ်န၀င်း) စီရင်လို့မရပေ။ ဆပွတ်ဂြိုလ်သည် ရာဇအိမ်၌ရှိသော်လည်း နင်းကြမ်းပြုလုပ်ရမည့် တြိရန်းဂြိုလ်သည် သိုက်အိမ် (အကောင်းဌာန) တွင် ရှိနေသည့်အတွက် (အတွင်းန၀င်း) စီရင်လို့မရပေ။

မရဏဖွား

မရဏဖွားအားလုံးတို့ကို န၀င်းယတြာအစီအရင်များပြုလုပ်မည်ဆိုပါက မူလမဟာဘုတ်၌ အဓိပတိ အိမ်တွင်ရှိသော အညွန့်ဂြိုလ်ကို ဆောင်ပန်း အဖြစ်အသုံးပြု၍ သိုက်၌ရှိသော အမြစ်ဂြိုလ်ကို နင်းကြမ်း အဖြစ်အသုံးပြုမှသာ အစွမ်းထက်သည့် န၀င်းယတြာအစီအရင်ပင်ဖြစ်ပေမည်။မရဏဖွားများ၏ ပဉ္စပွတ်ဂြိုလ်နှင့် ဆပွတ်ဂြိုလ်တို့သည် မူလမဟာဘုတ်တွင် ပုတိအိမ်နှင့် ဘင်္ဂအိမ် (အညံ့ဌာန) များတွင် ရှိနေခြင်းကြောင့် အတွင်းန၀င်း နှင့် အပြင်န၀င်း စီရင်လို့မရပေ။

Tuesday, August 20, 2013

မြန်မာ့ရိုးရာဗေဒင်ပညာနှင့် န၀င်းယတြာအစီအရင်

မြန်မာ့ရိုးရာဗေဒင်ပညာနှင့် န၀င်းယတြာအစီအရင်

န၀င်းယတြာအကြောင်းသိကောင်းစရာ

           မြန်မာ့ရိုးရာလောကီပညာတွင် န၀င်းယတြာနှင့် န၀င်းပညာများကို   ရှေးအစဉ်အဆက်ဆက်မှ ယနေ့တိုင် အသုံးပြုခဲ့ကြပေသည်။  လောကီဆရာများသည်  ခုနှစ်ရက်သားသမီးများ တွေ့ကြုံနေရသော ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ အလုပ်အကိုင်များနှင့် လူမှုရေးရာ အဖြာဖြာတို့ကို န၀င်းပညာဖြင့် န၀င်းယတြာအစီအရင်များ  ဆောင်ရွက်ပေးလေ့ရှိကြပေသည်။  ကျွန်ုပ်သည်  န၀င်းပညာ၊  န၀င်းယတြာ အစီအရင်နှင့် ပတ်သက်၍ အနည်းငယ်ရှင်းလင်းလိုပါသည်။ အချို့ဆရာများနှင့် အချို့သောပုဂ္ဂိုလ်များသည် ကိန်းဂဏန်းများကို ပေါင်း၍ `၉´ ဖြစ်နေခြင်းကို န၀င်းဟု တရားသေမှတ်သားထားကြပေသည်။

န၀င်းဆိုသည်မှာ

နေ့နံဂဏန်းတွေပေါင်းပြီး ရခြင်းကို န၀င်းဟုသတ်မှတ်ခြင်းထက်၊

ပညတ်တွေကိုပေါင်းပြီး  ရခြင်းကို န၀င်းဟုသတ်မှတ်ခြင်းကပို၍ပင်အဓိကကျပေသည်။

အဘယ်ကြောင့်ဆိုသော် မြန်မာ့လောကီပညာတွင် ပညတ်သွားရာ ဓါတ်သက်ပါ ဆိုသည့် ဆိုရိုးစကားရှိသည့်အတွက် ပညတ်တိုင်းမှာ ဓါတ်များကိန်းအောင်းနေသည့် သဘောပင်ဖြစ်ပေသည်။

          ဒါကြောင့် လောကီဆရာများက န၀င်းယတြာအစီအရင်များ ပြုလုပ်မည်ဆိုပါက ပညတ်န၀င်းများကို သိထားဖို့အထူးလိုအပ်ပေသည်။ အဆိုပါ ပညတ်န၀င်းနှင့် မူလမဟာဘုတ်တို့ကို ညှိပြီး န၀င်းယတြာအစီအရင် များစီရင်ဆောင်ရွက်ပေးမှသာ ထိရောက်မှုရှိပြီး အကျိုးထူးများရရှိပေမည်။

ဥပမာ။ မည်သည့်နေနံသားသမီးများ ဖြစ်စေကာမူ မိမိနေ့နံ၏

၁။ ဒွိရန်းနှင့် သတ္တရန်း (ပညတ်သဘောအရ ဓါတ်န၀င်း)

မိမိနေ့နံ၏ ဒွိရန်းဆိုသည့် ခုမြောက်နှင့် သတ္တရန်းဆိုသည့် ခုမြောက်တို့ကို ပညတ်သဘောအရ ပေါင်းခြင်း ရ၍ အဆိုပါန၀င်းကို ဓါတ်န၀င်းဟုခေါ်ပေသည်။

၂။ ဆပွတ်နှင့် တြိရန်း (ပညတ်သဘောအရ အတွင်းန၀င်း)

မိမိနေ့နံ၏ ဆပွတ်ဆိုသည့် ခုမြောက်နှင့် တြိရန်းဆိုသည့် ခုမြောက်တို့ကို ပညတ်သဘောအရ ပေါင်းခြင်း ရ၍ အဆိုပါန၀င်းကို အတွင်းန၀င်းဟုခေါ်ပေသည်။

၃။ ပဉ္စပွတ်နှင့် စတုရန်း (ပညတ်သဘောအရ အပြင်န၀င်း)

မိမိနေ့နံ၏ ပဉ္စပွတ်ဆိုသည့် ခုမြောက်နှင့် စတုရန်းဆိုသည့် ခုမြောက်တို့ကို ပညတ်သဘောအရ ပေါင်းခြင်း ရ၍ အဆိုပါန၀င်းကို အပြင်န၀င်းဟုခေါ်ပေသည်။

ပညတ်န၀င်းနှင့် မူလမဟာဘုတ်တို့ကို ညှိ၍စင်ကြယ်အောင် န၀င်းရွေးချယ်ခြင်း၊

         န၀င်းပညာတွင် အထက်ဆောင်ပန်း အောက်နင်းကြမ်း ဟုအဆိုအမိန့်ရှိထားသည့်အတွက် မည်သည့်နေ့နံသားသမီးများကိုမဆို   အင်္ဂ၀ိဇ္ဇာအခါတိုင်၏ အထက်သုံးလုံးသည် ထိုသူ၏ မူလမဟာဘုတ်တွင် အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ ဆိုသည့် ( အကောင်းဌာန ) များတွင်ရှိနေမှသာ ထိုပန်းနှင့် အညွန့်အခက်များကို ဆောင်ပန်းအဖြစ် အသုံးပြုသင့်ပေသည်။

ထို့အတူ အင်္ဂ၀ိဇ္ဇာအခါတိုင်၏ အောက်သုံးလုံးသည် ထိုသူ၏ မူလမဟာဘုတ်တွင် ပုတိ၊ ဘင်္ဂ၊ မရဏ၊ ဆိုသည့် ( အညံ့ဌာန) များတွင် ရှိနေမှသာ နင်းကြမ်းအဖြစ်အသုံးပြုသင့်ပေသည်။

ဤကဲ့သို့ လောကီဆရာများသည် ခုနှစ်နေ့နံသားသမီးများကိုန၀င်းယတြာများအစီအရင် များ ပြုလုပ်ပေးမည်ဆိုပါက အင်္ဂ၀ိဇ္ဇာအခါတိုင်နှင့် မူလမဟာဘုတ်တို့ကို ညှိနှိုင်း၍အကောင်းဆုံး
ဖြစ်အောင် ရွေးချယ်ပြီးစီရင်ပေးမှသာ ထိုန၀င်းယတြာအစီအရင်များသည် ထိရောက်မှုရှိပေမည်၊ အစွမ်းရှိပေမည်။

                                                                                               သဗ္ဗေသတ္တာ အဝေရာ ဟောတု

                                                                                     ဆရာ ဘုန်းမြင့်ထွန်း
                                                                                     ဆန်းကျမ်း၊ လက္ခဏာ၊ အင်္ဂ၀ိဇ္ဇာ သုတေသီ
                                                                                     မြန်မာဖုန်း - ၀၉-၄၂၈၂၂၇၇၄၀
                                                                                     ထိုင်းဖုန်း - ၀၈၆-၉၁၉၆၇၃၅
                                                                                     တာချီလိတ်မြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

ခင်ပွန်းကြီးဆယ်ပါးဆိုတာ …

ဖြေ။ ခင်ပွန်းကြီးဆယ်ပါးဆိုတာ …

၁။ ဗုဒ္ဓါစ                     ပွင့်ခဲ့ပြီးသော ဘုရားရှင်အပေါင်းတို့အားလည်းကောင်း။

၂။ ပစ္စေကဗုဒ္ဓါစ          ပွင့်ခဲ့ပြီးသော ဘုရားငယ်အပေါင်းတို့အားလည်းကောင်း။

၃။ ရဟန္တာစ                ရဟန္တာအရှင်သူမြတ်အပေါင်းတို့အားလည်းကောင်း။

၎။ အဂ္ဂသာဝကာစ       ပညာအရာမှာ ဧတဒဂ်ရ ရှင်သာရိပုတ္တရာ ရဟန္တာမြတ်ကြီးအားလည်းကောင်း။

၅။ မဟာသာဝကာစ     တန်ခိုးအရာမှာ ဧတဒဂ်ရ ရှင်မောဂ္ဂလ္လာန်ရဟန္တာမြတ်ကြီးအားလည်းကောင်း။

၆။ မာတာစ                  ဘ၀အဆက်ဆက်မှ မိခင်များလည်းကောင်း။

၇။ ပိတုစ                      ဘ၀အဆက်ဆက်မှ ဖခင်များလည်းကောင်း။

၈။ ဓမ္မဒေသကာစ       ဘ၀အဆက်ဆက်တွင် ဓမ္မတရားတော်များကို ဟောကြားခဲ့သော

                                   ရဟန်းရှင်တို့နှင့်၊ ပုဂ္ဂိုလ်မြတ်များအား လည်းကောင်း။

၉။ ဂုရုသတ္တာစ             ဘ၀အဆက်ဆက်တွင် မိမိထက်ကြီးသူအပေါင်းနှင့်

                                    အလေးပြုအပ်ဆိုဆုံးမအပ်သောဆရာမြတ်များအားလည်းကောင်း။

၁၀။ ဒါယိကာစ             ဘ၀အဆက်ဆက်တွင် ကျွေးမွေးထောက်ပံ့ခဲ့သော ကျေးဇူးရှင်အပေါင်းတို့အား

                                    လည်းကောင်း

ဣမေဒဿ မဟာဂုဏေ ဤကျေးဇူးကြီးမြတ်သော ခင်ပွန်းကြီးဆယ်ပါးတို့အားလည်းကောင်း

အဟံ                             ကျွန်ုပ်သည်

သဗ္မဒါ                           အခါမလပ်

ဝန္ဒာမိ                           ရှိခိုးကန်တော့ပါ၏။

          ဘုရားတပည့်တော်သည် ဤကျေးဇူးကြီးမြတ်သော ခင်ပွန်းကြီးဆယ်ပါးတို့အား သစ်သီးဆယ်မျိုး၊ အချိုရည်ဆယ်ခွက်၊ ဖယောင်းတိုင်ဆယ်တိုင်၊ ယပ်ဆယ်ချောင်း၊ ငှက်ပျောဆယ်ဖီးပွဲတစ်ပွဲစသော ဓါတ်လေးပါး ပစ္စည်းများကို ကပ်လှူပူဇော်ပါ၏ ယခုလို့ကပ်လှူပူဇော်ရသော အကျိုးအားကြောင့် တပည့်တော်သည် ယခုဘ၀တွင်ဖြစ်စေ အတိတ်ဘ၀အဆက်ဆက်မှဖြစ်စေ ခင်ပွန်းကြီးဆယ်ပါးအပေါ်သို့ ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးတို့ဖြင့် သော်လည်းကောင်း၊ ၎င်းကံသုံးပါးအနက်မှ တစ်ပါးပါးဖြင့်သော်လည်းကောင်း သိလျှက်နှင့်ဖြစ်စေ မသိလျှက်နှင့်ဖြစ်စေ ပြစ်မှားကျူးလွန်ခဲ့မိသည်များရှိပါက ၀န်ချတောင်းပန်ပါ၏

         ယခုလိုတောင်ပန်းရသည့်အကျိုးအားကြောင့် တပည့်တော်၏ ကိုယ်တွင်းကိုယ်ပတို့တွင် တွယ်ကပ်နေသော ၉၆ ပါးသော ရောဂါ၊ ၃၂ ပါးသော ကံကြမ္မာဆိုး၊ ၂၅ ပါးသော ဘေး၊ ၁၆ ပါးသော ဥပါဒ်၊ ၁၀ ပါးသော ဒါဏ်၊ ၈ ပါးသော အပြစ်၊ ၅ ပါးသော ရန်၊ ၉၉ ပါးသော မသူတော် (မကောင်း ကြံသူ) အပေါင်းတို့မှ ကင်းဝေးလွတ်မြောက်ပါလို၏။

         ဒီလိုခင်ပွန်းကြီးဆယ်ပါး ယတြာအစီအရင်တွေကို ဆရာဖြစ်သူမှ ဌာန်ကရိုင်းကျကျ ရွတ်ဖတ်၍ မှန်မှန်ကန်ကန်တိတိကျကျ စေတနာထားပြီး ဆောင်ရွက်ပေးမည်ဆိုပါက၊ အကြောင်းတရားများမှန်၍ မှန်ကန်သော အကျိုးတရားများရရှိပေမည်။

မေး။ ဆရာဘုန်းမြင့်ထွန်း အခုလိုရှင်းပြသွားတာကို ကျွန်တော်အရမ်းကျေးဇူးတင်ပါတယ် ဒီလိုသဘာဝဓမ္မကျတဲ့ ဤခင်ပွန်းကြီးဆယ်ပါး ယတြာအစီအရင်တွေကို ကျွန်တော်တို့ ခုနှစ်ရက်သားသမီးတိုင်းဆောင်ရွက် သင့်တယ်ဟု အသိတရားများဝင်လာခဲ့ပေသည်။

       ကျွန်တော်ကိုယ်တိုင်ကလည်း ဆရာဘုန်းမြင့်ထွန်းစီရင်ပေးတဲ့ ခင်ပွန်းကြီးဆယ်ပါး ယတြာအစီအရင်များကို ပြုလုပ်ခဲ့သည့်အတွက် လက်ရှိကြုံတွေ့နေရသော အခက်အခဲတွေ၊ မပြေလည်မှုတွေ၊ ရော့ပေါ့သွားပေသည်။


ယတြာအစီအရင်နှင့်ပါတ်သက်သော အမေး အဖြေကဏ္ဍ

ယတြာအစီအရင်နှင့်ပါတ်သက်သော အမေး အဖြေကဏ္ဍ

မေး ။ ဆရာ ဘုန်းမြင့်ထွန်း ပြောသွားတဲ့ ယတြာအစီအရင်လုပ်လိုက်ရင် အခုကျွန်တော်ကြုံနေရတဲ့ မပြေလည်မှုတွေ ပြဿနာတွေ အဆိုးတွေ၊ အခက်အခဲတွေ လျှော့သွားနိုင်ပါမလား တကယ် ထိရောက်မှုရှိပါမလား၊ ဖြစ်နိုင်ပါ့မလား။

ဖြေ ။ မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာမှာ ဗေဒင်ကိုပိုင်ရင် ယတြာကိုနိုင်တယ်ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်၊ ယတြာကောင်းလျှင် မင်းလောင်း ပျောက် ဆိုသည့် စကားလည်း ရှိတယ်လေ။ ခင်ဗျားက ယတြာအစီအရင်ပေါ်မှာ အမြင်မရှင်းတဲ့သဘော၊ မယုံကြည်တဲ့သဘော သက်ရောက်နေတယ် ဆိုတော့ ခင်ဗျားရဲ့အမြင်နှင့် အယူအဆကို အရင်ပြောစေချင်တယ်။

မေး ။ ဆရာ ဘုန်းမြင့်ထွန်း စိတ်တော့မဆိုးပါနဲ့ ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင် ယတြာဆိုတာ၊ ဗေဒင်ဆရာတွေ၊ လောကီဆရာတွေ၊ နတ်ဆရာတွေက တဘက်လူရဲ့အားနည်းချက်ကို အခွင့်ကောင်းယူပြီး ငွေများများရအောင် လုပ်စားတဲ့ပညာလို့ဘဲ ကျွန်တော်မြင်တယ်။

ဖြေ ။ အခုလို ခင်ဗျားပြောသွားတာကို ကျွန်တော်စိတ်မဆိုးပါဘူး၊ ယတြာအပေါ်မှာ ခင်ဗျားအမြင်နဲ့ အယူအဆဟာ မမှားဘူး၊   ဒါပေမဲ့ မှန်တော့ မမှန်ဘူး။

မေး ။ ဆရာ ဘုန်းမြင့်ထွန်းက ကျွန်တော်ရဲ့အမြင်နဲ့ အယူအဆကို မမှားဘူးလဲပြောတယ်၊ မမှန်ဘူးလည်းပြောတယ်ဆိုတော့ ကျွန်တော်နားလည်အောင် ရှင်းပြပါဦး။

ဖြေ ။ ကျွန်တော်တို့ ဗေဒင်ဆရာတွေ၊ လောကီဆရာတွေ၊ နတ်ဆရာတွေဟာ ယေဘုယျ ဟောပြီး တဘက်လူကိုယတြာချေဖို့ ဓါတ်ရိုက်ဓါတ်ဆင်လုပ်ဖို့ တိုက်တွန်းကြတယ်၊ တဘက်လူက ယတြာအစီအရင်လုပ်တော့လည်း ငွေသာကုန်တယ်အချိန်သာကုန်ပြီး ဘာမှဖြစ်မလာဘူး၊ ဒါကြောင့် ဗေဒင်လောကမှာ ခြောက်စား၊ မြှောက်စား၊ ရိုက်စားဆရာတွေက ဒုနဲ့ဒေး ဖြစ်နေတော့ ဗေဒင်မေး ပရိသတ်တွေက ယတြာအစီအရင်အပေါ် အထင်သေးအမြင်သေးကြတယ်၊ ပြက်ရယ်ပြုကြတယ် ၊အယုံအကြည်ကင်းကြတယ်။

မေး ။ ဆရာ ဘုန်းမြင့်ထွန်း ပြောသွားသလိုဆိုရင် ယတြာအစီအရင်တို့ ဓါတ်ရိုက်ဓါတ်ဆင်တို့ဆိုတာ ထိရောက်မှုရှိအောင် လုပ်လို့ရတယ်ဆိုတဲ့သဘောလား၊

ဖြေ ။ ယတြာအစီအရင်နှင့် ပါတ်သက်ပြီး ကျွန်ုပ် ( ဥပမာ ) ပေးရမယ်ဆိုရင် ယိုင်နေတဲ့ တဲတစ်လုံးကို ပြိုကျမြေခမသွားအောင် ဒေါက်ထောက်ပေးတဲ့သဘောပါ၊ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အနောက်တောင် မုတ်သုံလေကို ခံစားရတဲ့နိုင်ငံဖြစ်တယ် ဒီတော့ အနောက်ဘက်လှည့်တဲ့အိမ်တွေ တောင်ဘက်လှည့်တဲ့ အိမ်တွေဟာ မိုးရာသီမှာ မိုးပက်တဲ့ဒါဏ်မှသက်သာအောင် ပလက်စတစ်ကာပေးတဲ့ သဘောပါ။ ယတြာအစီအရင်နှင့် ပတ်သက်ပြီး ဥပမာ ပေးရမယ်ဆိုရင်တော့ ပြောလို့မကုန်နိုင်ပါဘူး။

မေး။ ဆရာ ဘုန်းမြင့်ထွန်း ဥပမာပေးပြီး ရှင်းပြသွားတာကို ကျွန်တော်ထိုက်သင့်သလောက်လက်ခံပါတယ်၊ အဲဒီတော့ လောကီဆရာတွေဟာ ယတြာအစီအရင်နဲ့ ဓါတ်ရိုက်ဓါတ်ဆင်လုပ်ရာတွင် ထိရောက်မှုရှိအောင် ဘယ်လိုအချက်တွေနဲ့ ပြည့်စုံဖို့လိုတယ်ဆိုတာ ရှင်းပြစေချင်တယ်၊

ဖြေ။ ယတြာအစီအရင်နှင့် ဓါတ်ရိုက် ဓါတ်ဆင်တို့ ပြုလုပ်ရာမှာ အချက် ၇ ချက်နှင့် ပြည့်စုံဖို့ အထူးလိုအပ်ပါတယ်။

ပြည်စုံရမည့် အချက် ၇ ချက်ကတော့

၁။ လောကီဆရာများသည် မိမိတို့အသုံးပြုနေသည့် ဗေဒင်ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်ပြီး ဂြိုလ်တို့၏ အကောင်းအဆိုးတို့ကို နားလည်သဘောပေါက်ခြင်း။

၂။ ဆရာဖြစ်သူသည် ကိုယ်ကျင့်တရားကောင်းခြင်း၊ တည်ကြည်ခြင်း၊ ဉာဏ်ပညာကြီးခြင်း၊ သစ္စာရှိခြင်း၊ စေတနာထားခြင်း။ တဘက်လူ၏ အခက်အခဲများကို မိမိ၏အခက်အခဲဟု မှတ်ယူခြင်း။

၃။ ဆရာဖြစ်သူသည် နေကောင်းရက်မြတ်နှင့် အချိန်ကောင်းအခါကောင်းများကို မှန်မှန်ကန်ကန်ရွေးချယ်၍ မူလအရပ်မှန်ကန်အောင်ဆောင်ရွက်နိုင်ခြင်း၊

၎။ ယတြာ အစီအရင်နှင့် ဓါတ်ရိုက်ဓါတ်ဆင်များပြုလုပ်ရာတွင် အသုံးပြုရသည့် အညွန့်အခက် အသီးအပွင့်အသားများကို ပညတ်မှန် အမည်မှန်ရွေးချယ်နိုင်ခြင်း၊

၅။ ဆရာဖြစ်သူသည် ယတြာအစီအရင်အတွက် သင့်တင့်လျောက်ပတ်သော အခကြေးငွေကိုသာ ရယူခြင်း။ အကယ်၍တဘက်လူကမတတ်နိုင်ပါက အခကြေးငွေမယူဘဲ စေတနာသက်သက်ဖြင့် ပြုလုပ်ပေးခြင်း၊

၆။ ယတြာပြုလုပ်စေခိုင်းသူသည် ယတြာပညာအပေါ်နှင့်ဆရာအပေါ် ယုံကြည်မှုအပြည့်အ၀ရှိရမည့်အပြင်၊ ဤ ယတြာအစီအရင်ပြုလုပ်သည့်အတွက် ၏အခက်အခဲများကို လျော့သွားမည်ဟု ယုံကြည်မှု အပြည့်အ၀ရှိခြင်း၊

၇။ ဆရာဖြစ်သူသည် ယတြာမထိုက်သောသူများကို ဖျားယောင်းသွေးဆောင်ပြီး ယတြာအစီအရင်များ အားဓမ္မစေခိုင်းခြင်းမှ အထူးရှောင်ကြဉ်ရခြင်း ဆိုတဲ့ အချက် ၇ ချက်နှင့် ကိုက်ညီမှသာ ထိုယတြာအစီအရင်များသည် ထိရောက် မှုရှိပေမည်။

မေး။ ဆရာ ဘုန်းမြင့်ထွန်း ရှင်းပြသွားသလိုဆိုရင် ဘယ်လိုယတြာအစီအရင်တွေက ကျွန်တော်တို့ ခုနှစ်ရက်သားသမီးအတွက် ထိရောက်မှုရှိမည်ဆိုတာကို ရှင်းပြစေချင်ပါတယ်။

ဖြေ။ သဘာဝတရားကိုလည်း မလွန်ဆန်ဘူး၊ ဓမ္မတရားတော်နှင့် ကိုက်ညီတဲ့ ယတြာအစီအရင်တွေကို လောကီ ဆရာတွေက ဆောင်ရွက်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဥပမာ။ ။ ကျွန်ုပ်တို့ မြန်မာလူမျိုးအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတယ်၊ ကျွန်တော်တို့ အလေးအနက်ထားတဲ့ ခင်ပွန်းကြီး ဆယ်ပါးဆိုတာရှိတယ် အဲဒီခင်ပွန်းကြီးဆယ်ပါးကို အကြောင်းပြုပြီး ဓာတ်လေးပါး ပစ္စည်းများကို လှူဒါန်းသည့် ယတြာအစီအရင်တွေပြုလုပ်သင့်ပါတယ်။

မေး။ ဆရာ ဘုန်းမြင့်ထွန်း ပြောသွားတဲ့ ခင်ပွန်းဆယ်ပါးနှင့်ပါတ်သက်၍ ဘယ်လိုရွတ်ဖတ်ရမယ် ဘယ်လိုလုပ်ရမယ်ဆိုတာ ရှင်းပြပေးစေချင်ပါတယ်။

မြန်မာ့ရိုးရာဗေဒင်ပညာနှင့် ယတြာ အစီအရင်

မြန်မာ့ရိုးရာဗေဒင်ပညာနှင့် ယတြာ အစီအရင်

ယတြာ အကြောင်းသိကောင်းစရာ

ကျွန်ုပ်သည် ရန်ကုန်မြို့မှ နယ်စပ်မြို့တစ်မြို့သို့သွားရောက်ပြီး ဗေဒင်ဟောပြောနေစဉ် တနေ့တွင် ကျွန်ုပ်၏ဟောခန်းရှေ့သို့ ကားတစ်စီးရောက်လာကာ ထိုကားပေါ်မှ လူဂုဏ်တန်တစ်ဦးဆင်းလာပြီး ကျွန်ုပ်အား ဆရာမင်္ဂလာပါဟု နှုတ်ဆက်လေသည်။

ကျွန်ုပ်မှလည်း မင်္ဂလာပါ… မင်္ဂလာပါ…ဟုပြန်လည်နုတ်ဆက်ပြီး လာပါထိုင်ပါဗျာဟု နေရာပေးလိုက်ရာ ထိုပုဂ္ဂိုလ်မှ ဆရာ ကျွန်တော့အိမ် ကိုလိုက်ခဲ့လို့ရမလား ကျွန်တော်ကံကြမ္မာကို တွက်ချင်လို့ပါ ဟုပြောဆိုရာ ကျွန်ုပ်မှလည်း ရပါတယ်ဆိုပြီး ယူစရာရှိတာတွေယူပြီး လိုက်သွားခဲ့ပေသည်။

ထိုသူ၏အိမ်သို့ရောက်ပြီး ၎င်း၏မွေးသက္ကရာဇ်နဲ့ နာမည်မေး၍ ကျွန်ုပ်တတ်မြောက်သော
 မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာရပ်များဖြင့် သူကံကြမ္မာကို တွက်ချက်ဟောပြောလေသည်။ ထိုသူ၏ကံကြမ္မာသည် နေ့နံဂြိုလ်၊ အလုပ်ဂြိုလ်၊ ငွေကြေးဂြိုလ်၊ မိတ်ဆွေဂြိုလ် အလွန်ညံ့နေသည့် အချိန်ကာဖြစ်၍ ဘာဘဲလုပ်လုပ်အဆင်မပြေမှုများ၊ လွဲချော်မှုများကြုံတွေ့နေရမည့်အချိန်ကာလဖြစ်၍ ခင်ဗျားအနေနဲ့ အိမ်ထောင်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့လူမှုရေးရာ အဖြာဖြာ ဆောင်ရွက်ရာတွင် အရာရာ သတိကြီးစွာ ထားသင့်တယ်၊ ကျွန်ုပ်အနေနဲ့ အကြံပေးချင်တာကတော့ ဘာသာတရားများများပြုလုပ်သင့်ပါတယ်၊

ဗေဒင်ဟောပြောမှုပြီးဆုံး၍ ထိုသူမှကျွန်ုပ်၏ဗေဒင်ဟောခန်းသို့ ပြန်လည်လိုက်ပို့ပေးခဲ့ပေသည်။ ထိုအချိန်မှ၍ ကျွန်ုပ်တို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးရင်းနှီးအကျွမ်းဝင်ခဲ့ကြပေသည်။ တစ်နှစ်ခန့်ကြာသော် ကျွန်ုပ်တို့နှစ်ဦးပြန်လည်ဆုံတွေ့ကြရာ ထိုသူမှ ဆရာဘုန်းမြင့်ထွန်း အရင်တစ်ခါ ဟောသွားတဲ့အတိုင်း အခက်အခဲတွေ ပြဿနာတွေ တစ်ခုပြီးတစ်ခု ကျွန်တော်ကြုံနေရတယ်၊ ဘာလုပ်သင့်တယ်ဆိုတာ အကြံဉာဏ်ပေးပါဟုပြောဆိုရာ

ကျွန်ုပ်မှလည်း ခင်ဗျားယုံကြည်တယ်ဆိုရင်တော့ ယတြာ အစီအရင်တွေလုပ်သင့်တယ်ဟုပြောလိုက်ရာ ထိုသူမှ ယတြာဆိုတဲ့ စကားအပေါ်တွင် ဘ၀င်မကျသည့်အမှုအရာဖြင့် ကျွန်ုပ်နှင့်ထိုသူတို့သည် ယတြာအစီအရင်နှင့်ပါတ်သက်၍ အမေး အဖြေ ဘက်သို့ဦးတည်သွားပေသည်။

Monday, August 19, 2013

မြန်မာ့ရိုးရာ အယူတော်မင်္ဂလာနည်း


မြန်မာ့ရိုးရာ အယူတော်မင်္ဂလာနည်းများဖြစ်သော

အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါ စသည်တို့နှင့်

မြန်မာနိုင်ငံအရေးတို့ကို ထောက်ရှုသုံးသပ်ခြင်း


မြန်မာလူမျိုးတို့သည် ရှေးအစဉ်အဆက်ဆက်မှ ယနေ့တိုင်အသုံးပြုလျှက်ရှိသော အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါ စသောအယူတော်မင်္ဂလာနည်းများဖြင့် ယနေ့မြန်မာနိုင်ငံအရေး၊ အနာဂါတ် မြန်မာနိုင်ငံအရေး၊ မြန်မာလူမျိုးတို့အရေး၊ မြန်မာ့ခေါင်းဆောင်များအရေး စသည်တို့ကို အကောင်း အဆိုး ဝေဖန်ထောက်ရှုပြီး လောကီဆရာမြတ်များ အဟောထုတ်ကြပေသည်။

ကျွန်ုပ်သည် ပထမဦးစွာ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါ ဆိုတာတွေဟာ မည်သည့်ကိစ္စတွေကို အကြောင်းပြုပြီး ဆင်ခြင်သုံးသပ်ကြသည်ကို အနည်းငယ်ရှင်းလင်းရေးသား လိုပါသည်။

အတိတ် - အတိတ်ဆိုသည်မှာ ရရှိလာသည့် ပစ္စည်းတစ်ခုကို အကြောင်းပြုပြီး ဤပစ္စည်းရရှိလာခြင်းသည် မိမိအတွက်၊ လူမျိုးအတွက်၊ နိုင်ငံအတွက် ဘယ်လိုအကောင်းတွေ အဆိုးတွေကို ကြုံတွေ့ရနိုင်သည်ကို ဝေဖန် ထောက်ရှုပြီး ဟောပြောရသော အတတ်ပညာကို အတိတ် ဟုခေါ်သည်။

နိမိတ် - နိမိတ်ဆိုသည်မှာ မြင်တွေ့လာသည့် မြင်သိမှုကိုအကြောင်းပြုပြီး မိမိအတွက်၊ လူမျိုး အတွက်၊ နိုင်ငံအတွက် ဘယ်လို အကောင်းတွေ အဆိုးတွေကို ကြုံတွေ့ရနိုင်သည် ကို ဝေဖန်ထောက်ရှုပြီး ဟောပြောရသော အတတ်ပညာကို နိမိတ် ဟုခေါ်သည်။

တဘောင် - တဘောင်ဆိုသည်မှာ သဘင်သည်များ၏စကား၊ ကလေးများ၏စကား၊ သူရှုးများ၏ စကား၊ တေးသီချင်းများ၏ စာသားနှင့်အသံများကို အကြောင်းပြုပြီး မိမိအတွက်၊ လူမျိုးအတွက်၊ နိုင်ငံအတွက် ဘယ်လို အကောင်းတွေ အဆိုးတွေကို ကြုံတွေ့ရနိုင်သည် ကို ဝေဖန်ထောက်ရှုပြီး ဟောပြောရသော အတတ်ပညာကို တဘောင် ဟုခေါ်သည်။

စနည်း - စနည်းဆိုသည်မှာ နတ်များ၊ အထက်ပုဂ္ဂိုလ်များ၊ ၀ိဇ္ဇာဇော်ဂျီများကို တိုင်တည်ပြီး၎င်းတို့ထံမှ သိရှိလာသော အကြောင်းအရာများနှင့် လူတစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ပြောဆိုနေ ကြသည့် စကားများကို ကြားလာသူမှတစ်ဆင့် ပြန်ပြောလာခြင်းအပေါ်မှာ အကြောင်းပြုပြီး မိမိအတွက်၊ လူမျိုးအတွက်၊ နိုင်ငံအတွက် ဘယ်လို အကောင်းတွေ အဆိုးတွေကို ကြုံတွေ့ရနိုင်သည်ကို ဝေဖန်ထောက်ရှုပြီး ဟောပြောရသော အတတ် ပညာကို စနည်း ဟုခေါ်သည်။

ဘဝေါ - ဘဝေါဆိုသည်မှာ နေကြတ်ခြင်း၊ လကြတ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊မီးလောင်ခြင်း၊ မုန်တိုင်း တိုက်ခြင်းတို့နှင့် သဘာဝတရားကြီး၏ ဖောက်လွဲဖောက်ပြန်မှုများကို အကြောင်းပြုပြီး မိမိအတွက်၊ လူမျိုးအတွက် နိုင်ငံအတွက် ဘယ်လို အကောင်းတွေ အဆိုးတွေကို ကြုံတွေ့ရနိုင်သည်ကို ဝေဖန်ထောက်ရှုပြီး ဟောပြောရသော အတတ်ပညာကို ဘဝေါ ဟုခေါ်သည်။


Monday, August 12, 2013

ဒေါ်အောင်ဆန်းစုကြည်၏ မူလ စရိုက်လက္ခဏာများ

မြန်မာ့ရိုးရာ လက်ဆန်းဗေဒင်ပညာရပ်များဖြစ်သော

ဆန်းကျမ်းဗေဒင်နည်းအရ

ဒေါ်အောင်ဆန်းစုကြည်၏ မူလစရိုက်လက္ခဏာ


မြန်မာသက္ကရာဇ် - ၁၃၀၇ ၊ ပထမ၀ါဆိုလဆန်း (၁၀) ရက်

ခရစ်သက္ကရာဇ် - ၁၉၄၅ ခု၊ ဇွန်လ ( ၁၉ ) ရက်၊ အင်္ဂါသမီး

ဤဇာတာရှင်မွေးဖွားချိန်၌ ဗုဒ္ဓဟူးဂြိုလ်၊ စနေဂြိုလ်၊ အင်္ဂါဂြိုလ်၊ တနင်္လာဂြိုလ်များ အလွန် အားကောင်းနေသော အချိန်ကာလဖြစ်၍ ထိုနေ့နံများနှင့် ဘဝတစ်လျှောက်လုံး အကျိုးပေးမည်။

ထိုနေ့ရက်များတွင် အရေးကြီးကိစ္စများဆောင်ရွက်သင့်ပေသည်။

ဗုဒ္ဓဟူးဂြိုလ်အားကောင်းနေချိန်ဖြစ်၍ လူအများ၏ ယုံကြည်လေးစားမှုအထူးရရှိခြင်း၊ လူ့အဖွဲ့ အစည်းများတွင် သြဇာကြီးခြင်း၊ လူမှုဆက်ဆံရေးပညာရပ်များ ကျွမ်းကျင်ပိုင်နိုင်ခြင်း၊

စနေဂြိုလ်အားကောင်းနေချိန်ဖြစ်၍ ဘုန်းတန်ခိုးကြီးခြင်း၊ ထိပ်တန်းပုဂ္ဂိုလ်များ၏ လေးစားမှုရရှိခြင်း၊ ဆုံးဖြတ်ချက် ခိုင်မာခြင်း၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်ကြီးမားခြင်း၊

အင်္ဂါဂြိုလ်အားကောင်းနေချိန်ဖြစ်၍ ရဲရင့်ပြတ်သားခြင်း၊ သတ္တိရှိခြင်း၊ ဇွဲ၊ လုံးလ၊ ၀ိရိယကြီးခြင်း၊ မည်သည့်အလုပ်ကိုမဆို တစိုက်မတ်မတ်လုပ်တတ်ခြင်း၊ စိတ်ဓာတ် ခိုင်မာခြင်း၊

တနင်္လာဂြိုလ်အားကောင်းနေချိန်ဖြစ်၍ လူအများပေါ်၌ သနားကြင်နာခြင်း၊ ဂရုဏာထားတတ်ခြင်း၊ လူအများ၏ ချစ်ခင်မှုအထူးရရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ အနုပညာဆန်သောအလုပ်များ ကိုနှစ်သက်မြတ်နိုးခြင်း၊ ငွေကြေးကံကောင်းခြင်း စသော ဂုဏ်ရည်ထူးများနှင့် ပြည့်စုံသူဖြစ်ပေသည်။

တနင်္ဂနွေဂြိုလ်နှင့် ကြာသပတေးဂြိုလ်အားနည်းနေချိန်ဖြစ်၍ ဖခင်အကျိုး မခံစားရခြင်း၊ အိမ်ထောင်ရေးသုခနည်းခြင်း၊ အလုပ်နှင့်နေရာထိုင်ခင်း တည်ငြိမ်မှုမရှိခြင်း၊ အတိုက်အခိုက်များခြင်း၊ မိတ်ဆွေအကျိုးမခံစားရခြင်း၊ ပညာသင်အရွယ်နှင့် ပညာရပ်များ ဆည်းပူးလေ့လာရာ၌ အခက်အခဲ အမျိုးမျိုး ကြုံတွေ့ရပေမည်။

Sunday, August 11, 2013

ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၆၉)နှစ်အတွင်း ကံကြမ္မာဟောစာတမ်း

မြန်မာ့ရိုးရာ လက်ဆန်းဗေဒင်ပညာဖြစ်သော

ဆန်းကျမ်းဗေဒင်ပညာဖြင့် ဒေါ်အောင်ဆန်းစုကြည်၏


အသက် (၆၉)နှစ်အတွင်း ကံကြမ္မာဟောစာတမ်း

ယခု ၆၉ နှစ် ဖြစ်သော ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၄) ရက်မှ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၉) ရက် အတွင်း နိစ်စုံ/ပြစုံ ကျရောက်နေသည့် အချိန်ကာလဖြစ်မိမိမွေးနံ အင်္ဂါသည် ပြဌာန( အညံ့ဌာန ) တွင်ရှိပြီး အင်္ဂါ မရဏဂြိုလ်ကပ်နေပြီး ၄င်းအင်္ဂါသည် ကတ္တုကာရက (အညံ့ကာရက) ဖြစ်နေခြင်း ကြောင်းလည်းကောင်း

သောကြာဂြိုလ်သည် တိက္ခနိစ် ( ခေါ် ) နိစ်ကြီး ( အညံဌာန ) တွင် ရှိနေပြီး ၎င်းသောကြာသည် ကိစ္ဆဂြိုလ် ဖြစ်နေသည့်အပြင် ( အပါဒါနကာရက ) အညံ့ကာရကဖြစ်နေခြင်းကြောင့် လည်းကောင်း

ကြာသပတေးဂြိုလ်သည် တိုင်ခြေ (အညံ့ဌာန) တွင်ရှိနေပြီးကြသပတေး ၀ရဂြိုလ်ကပ်နေသော်လည်း ၄င်းကပ်ဂြိုလ်သည် (ကမ္မကာရက) အညံ့ကာရက ဖြစ်နေခြင်းကြောင့် လည်းကောင်း

ယခုအသက် ၆၉ နှစ်အတွင်း မွေးနံအင်္ဂါဂြိုလ်နှင့် သောကြာဂြိုလ်၊ ကြာသပတေးဂြိုလ်များအားနည်း နေသည့် အချိန်ကာလဖြစ်၍ ခရီးစဉ်များပျက်ပြားခြင်း၊ ခရီးလမ်းကြောင်းများတွင် ဘေးရန်များ ကြုံရခြင်း၊
(အနိဌ)မြင်ကွင်းများမြင်တွေ့ရခြင်း၊ သွေးအားနည်းခြင်း၊သွေးအဆိပ်တက်ခြင်း၊ သွေးသားနှင့်ပတ်သက်
သောရာဂါများ ဖြစ်တတ်ခြင်း၊ မိမိနှင့်ပတ်သက်၍သော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်ပတ်သက်၍
သော်လည်းကောင်း ဂုဏ်သိက္ခာပျက်ပြားစေသည့် သတင်းများထွက်ပေါ်ခြင်း၊

အဆိုပါသတင်းများအတွက် ဖြေရှင်းရခြင်း၊စိတ်ဖိစီးမှုများခြင်း၊ ဆေးရုံတက်ရခြင်း၊ ဆေးထိုးဆေးစား မှားခြင်း၊ ခွဲစိတ်ကုသမှုများခံယူရခြင်း၊ အလွန်ရင်း နှီးသော မိတ်ဆွေများကြောင့်ပြဿနာများ
ဖြေရှင်းရခြင်း၊ဆုံးဖြတ်ချက်များ မှားယွင်းတတ်ခြင်းဖြစ်တတ်၍ ထိုကာလအတွင်း အရာရာ အထူးသတိထားသင့်ပေသည်။

အသက် ၆၉ နှစ်အတွင်း တွေ့ကြုံရနိုင်သည့် အခက်အခဲများ၊ ပြဿနာများ (လုံးဝ)စိုးရိမ်စရာမရှိပေ

အဘယ့်ကြောင့်ဆိုသော် မိမိမွေးဖွားချိန်၌ အလွန်အားကောင်းသော ဇေယျဂြိုလ် (ခေါ်) ဗုဒ္ဓဟူးဂြိုလ်သည် မိမိမွေးနံ အင်္ဂါ၏ အညွန့်ဂြိုလ် ( အာယုဂြိုလ် ) ဖြစ်နေခြင်း ဤဗုဒ္ဓဟူးဂြိုလ် သည် ယခုအသက် ၆၉ နှစ်အတွင်း အလွန်အားကောင်းသော တိုင်ထိပ် ( ဣဌ ) နေရာတွင် ရှိနေပြီး ကပ်ဂြိုလ်သည်
( သာမိကာရက) အကောင်း ကာရက ဖြစ်နေခြင်းကြောင့် လည်းကောင်း

တန်းစီး( ဣဌ )နေရာတွင် ရှိနေသော တနင်္လာဂြိုလ်သည် အလွန်အားကောင်းသော တနင်္လာ ဇေယျဂြိုလ် ကပ်နေခြင်းကြောင့်လည်းကောင်း

တန်းကပ် ( ဣဌ ) နေရာတွင်ရှိသော တနင်္ဂနွေဂြိုလ်ကို လာဘဂြိုလ်အပ်နေပြီး ၎င်းကပ်ဂြိုလ်သည် (သြကာသကာရက) အကောင်းကာရက ကပ်နေခြင်းကြောင့်လည်းကောင်း

မိမိမွေးနံအင်္ဂါဂြိုလ်၏ အမြစ်ဂြိုလ်ဖြစ်သော တနင်္လာဂြိုလ်နှင့် အညွန့်ဂြိုလ်ဖြစ်သော ဗုဒ္ဓဟူးဂြိုလ်တို့သည်
( ဣဌ) နေရာများတွင် ရှိနေခြင်း၊ ( ဣဌ ) ဂြိုလ်များကပ်နေခြင်းတို့ကြောင့်၊ အမြစ်အညွန့်ဓာတ်များ အလွန်ခိုင်မြဲနေချိန်ဖြစ်၍ ယခုအသက် ၆၉ နှစ်အတွင်း တွေ့ကြုံလာနိုင်သည့် အညံ့အခိုက်များသည်(လုံးဝ)စိုးရိမ်စရာမလိုဘဲ အသေးအဖွဲ့ (Minor) မျှသာ ဖြစ်ပေသည်။

တနင်္လာဂြိုလ်နှင့် ဗုဒ္ဓဟူးဂြိုလ်များ အားကောင်းနေဖြစ်၍ အဆိုပါ နှစ်နံတွဲသည့် စေတီပုထိုးများဖြစ်သော ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ ရွှေစည်းခုံ၊ ကျိုက်ဝိုင်း၊ ကျိုက်ကလော့၊ ကျိုက်ကလဲ့ စေတီများတွင် ရွှေသင်္ကန်းကပ်ခြင်း၊ ဘုရားလက်ထက်တော်၌ရွှေချ၍၊ ရေသပ္ပာယ်ခြင်း၊ အဓိဌာန်ဝင်ခြင်း၊ အိမ်ဘုရား၌ဖြစ်စေ၊ ဂြိုလ်တိုင် ဘုရား၌ဖြစ်စေ၊ ခရေညွန့်(၃၂)ညွန့်ကပ်လှူခြင်း၊ ငွေဖလား (သို့ ) ကြေးဖလားထဲတွင်ခရေပန်းများထည့်၍ ဘုရားမှာကပ်လှူခြင်းများပြုလုပ်ပါက အဆိုးများ ပြေပျောက်၍ ထူးကဲသောအကျိုးများရရှိပေမည်။ဘုန်းကြီးကျောင်း ( သို့ ) သီလရှင်ကျောင်းများတွင် သန့်ရှင်းရေးသုံးပစ္စည်းများလှူဒါန်းခြင်း၊ ပျက်စီး နေသော အိမ်သာများကို ပြုပြင်ပေးခြင်း၊ နွမ်းပါးသူတို့ကို ဆန်၊ဆီ၊ဆေးလှူဒါန်းခြင်းပြုလုပ်ပါ။

မွေးနေ့တွင် စာကလေး ( ၃ ) ကောင် (သို့) ( ၈ ) ကောင်လွှတ်ပြီးဆုတောင်းပါ။

ကျွန်ုပ်သည် ဆန်းကျမ်းဗေဒင်ပညာရပ်ဖြင့် တွက်ချက်ပြီးဟောချက်များထုတ်ထားခြင်း၊ ယူဆထားခြင်းများ ဖြစ်ပေသည်။ ဤဟောချက်များနှင့် ယူဆချက်များမှာအားနည်းချက်များရှိပါက ကျွန်ုပ်၏ အားနည်းချက်များသာ ဖြစ်ပေသည်။

ဆန်းကျမ်း ဗေဒင်ပညာရပ်၏ အားနည်းချက် (လုံးဝ) မဟုတ်ပါ။

သဗ္ဗေသတ္တာ အဝေရာ ဟောတု
ဆရာ ဘုန်းမြင့်ထွန်း
ဆန်းကျမ်း၊ လက္ခဏာ၊ အင်္ဂ၀ိဇ္ဇာ သုတေသီ
မြန်မာဖုန်း - ၀၉-၄၂၈၂၂၇၇၄၀
ထိုင်းဖုန်း - ၀၈၆-၉၁၉၆၇၃၅
တာချီလိတ်မြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

မြန်မာ့ရိုးရာ အင်္ဂ၀ိဇ္ဇာ ဗေဒင်ပညာဖြင့် ယနေ့မြန်မာနိုင်ငံအရေးနှင့် အနာဂတ်မြန်မာနိုင်ငံအရေး


မြန်မာ့ရိုးရာ အင်္ဂ၀ိဇ္ဇာ ဗေဒင်ပညာဖြင့် ယနေ့မြန်မာနိုင်ငံအရေးနှင့်

အနာဂတ်မြန်မာနိုင်ငံအရေးတို့ကို ထောက်ရှုသုံးသပ်ခြင်း

မြန်မာ့ရိုးရာဗေဒင်ပညာရပ်များ မြောက်များစွာရှိသည့်အနက်မှ အင်္ဂ၀ိဇ္ဇာပညာရပ်ဖြင့် မြန်မာနိုင်ငံ အကြောင်းကို ထောက်ရှုသုံးသပ်ကြည့်မည် ဆိုပါက-

မြန်မာဆိုသည်မှာ ကြာသပတေးနှစ်လုံး ဖြစ်နေခြင်း၊

ကြာသပတေးဆိုသည်မှာ အင်္ဂ၀ိဇ္ဇာပညာ၏ ဂဏန်းသင်္ချာအရ ၅ ဂဏန်းဟု သတ်မှတ်ကြပေသည်။


ပထမ မြန် ဆိုသည့် ကြာသပတေးသည် ၅ ဂဏန်းဖြစ်နေခြင်း။


ဒုတိယ မာ ဆိုသည့် ကြာသပတေးသည်လည်း ၅ ဂဏန်းဖြစ်နေခြင်း။


ယခုအစိုးရသစ်၏သက်တမ်းတစ်ခုသည်လည်း ၅ နှစ်ဖြစ်နေခြင်း။ ဤကဲ့သို့ ၅ ဂဏန်းသုံးကြိမ်ဖြစ်နေသည်ကို အလွန်အံ့သြစွာတွေ့ရပေမည်။ အင်္ဂ၀ိဇ္ဇာပညာအရ ၅ ဂဏန်း ဆိုသည့် ကြာသပတေးအခါတိုင် သုံးတိုင်ထူကြည့်ပါက ဤကဲ့သို့ပင်တွေ့ရပေမည်။

၁။ ပဉ္စပွတ်ဌာနတွင် ရှိသော တနင်္လာသည် အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်ဇောခြင်းဆိုသည့်  ( ဣဌ)
 နေရာတွင် ရှိနေခြင်း၊

၂။ ဆပွတ်ဌာနတွင်ရှိသော အင်္ဂါသည် စိတ်ကူးအကြံအစည်၊ လျှို့ဝှက်ချက်၊ စုတ် ဆိုသည့် ( ဣဌ) နေရာတွင် ရှိနေခြင်း၊


ပထမ ကြာသပတေးအခါတိုင်၏ ဆပွတ်ဌာနမှ အင်္ဂါနှင့် ပဉ္စပွတ်ဌာနမှ တနင်္လာတို့ကို အမည်ပညတ် များဖြင့် ကောက်ယူရာ အင်္ဂါအစ တနင်္လာအဆုံး ဖြစ်သည့်  ဆီးဂိမ်း  ဆိုသည့် အမည်ပညတ်များ
ပေါ်လွင်ထင် ရှားနေခြင်း၊


ဒုတိယ ကြာသပတေးအခါတိုင်၏ ဆပွတ်ဌာနမှ အင်္ဂါနှင့် ပဉ္စပွတ်ဌာနမှ တနင်္လာတို့ကို အမည်ပညတ် များဖြင့် ကောက်ယူရာ အင်္ဂါအစတနင်္လာအဆုံးဖြစ်သည့် ဇီးကွက် ဆိုသည့် အမည်ပညတ်များ ပေါ်လွင်ထင်ရှားနေခြင်း၊

တတိယ ကြာသပတေးအခါတိုင်၏ ဆပွတ်ဌာနမှ အင်္ဂါနှင့် ပဉ္စပွတ်ဌာနမှ တနင်္လာတို့ကို အမည်ပညတ်များဖြင့် ကောက်ယူရာ အင်္ဂါအစ တနင်္လာအဆုံးဖြစ်သည့် စုကြည် ဆိုသည့် အမည်ပညတ်များ ပေါ်လွင်ထင်ရှား နေခြင်း၊

အဆိုပါ ကြာသပတေးအခါတိုင် သုံးတိုင်ကို ဆင်ခြင် သုံးသပ်ကြည့်ပါက

ဆီးဂိမ်း ဇီးကွက် စုကြည် ဖြစ်နေသည်ကို အင်္ဂ၀ိဇ္ဇာပညာအရအလွန်အံ့သြစွာ တွေ့ရပေမည်။

ဆန်းကျမ်း၊ လက္ခဏာ၊ အင်္ဂ၀ိဇ္ဇာ သုတေသီ
ဆရာ ဘုန်းမြင့်ထွန်း
မြန်မာဖုန်း - ၀၉-၄၂၈၂၂၇၇၄၀
ထိုင်းဖုန်း - ၀၈၆-၉၁၉၆၇၃၅
တာချီလိတ်မြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

အောင်အတိတ် အောင်နိမိတ်နှင့် ဒေါ်အောင်ဆန်းစုကြည်


အောင်အတိတ် အောင်နိမိတ်နှင့် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်နှင့် အတိတ်ကောင်း နိမိတ်ကောင်း




ယခုအချိန်သည် ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို လက်ခံကျင်းပ မည့် အိမ်ရှင်နိုင်ငံဖြစ်ပေမည်။

အားကစားပြိုင်ပွဲဆိုသည်မှာ ပြိုင်ပွဲဝင်သူတို့သည် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ ကျန်းမာရေးကောင်းမွန်ခြင်း၊ နည်းစနစ်မှန်ကန်ခြင်း၊ စည်းကမ်းကောင်းမွန်ခြင်း၊ အချိန်ကိုအသုံးချတတ်ခြင်း၊ ကျွမ်းကျင်မှုရှိခြင်း၊ ခွန်အားစိုက်ထုတ်နိုင်ခြင်း၊ နိုင်လိုစိတ်ပြင်းပြခြင်း စသောအချက် (၇) ချက်နှင့် ပြည့်စုံဖို့ အထူးလိုအပ် ပေသည်။

ဤသို့ယှဉ်ပြိုင်ကြရာတွင် မိမိတို့လုံးဝမျှော်လင်မထားသော အခက်အခဲပေါင်းမြောက်များစွာ၊ အဖုအထစ်ပေါင်းမြောက်များစွာကို ဧကန်မုချတွေ့ကြုံရပေမည်။

ဤအားကစားပြိုင်ပွဲမှ ပေါ်လွင် ထင်ဟတ်နေသော အတိတ်နိမိတ်တို့မှာ

လက်ခံကျင်းပမည့်နိုင်ငံသည် မြန်မာ နိုင်ငံဖြစ်နေခြင်း။

ပြိုင်ပွဲ၏ အမည်က ဆီးဂိမ်း ဖြစ်နေခြင်း၊

ပြိုင်ပွဲ၏ အမှတ်တံဆိပ်က ဇီးကွက် ဖြစ်နေခြင်း၊

ဆီးဂိမ်း ဇီးကွက် ဆိုသည့် အတိတ် နိမိတ် များအရ မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်းဆောင်သည် စုကြည် ဖြစ်မည်ဟု အတိတ် နိမိတ် များမှာ ရှေးပြေးဖြစ်နေပေသည်။

အဆိုပါ အားကစားပြိုင်ပွဲကဲ့သို့  ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏ပါတီဝင်များ၊ မြန်မာပြည်သူပြည်သားများ (လုံးဝ) မျှော်လင့်မထားသော အခက်အခဲပေါင်းမြောက်များစွာ၊ အဟန့်အတားပေါင်းမြောက်များစွာ၊ အဖုအထစ်ပေါင်းမြောက်များစွာကို ကျော်ဖြတ်ရမည်မှာလည်း မလွဲမသွေ ဧကန်မုချပင် ကြုံတွေ့နိုင်ပေသည်။

ဆန်းကျမ်း၊ လက္ခဏာ၊ အင်္ဂ၀ိဇ္ဇာ သုတေသီ
ဆရာ ဘုန်းမြင့်ထွန်း
မြန်မာဖုန်း - ၀၉-၄၂၈၂၂၇၇၄၀
ထိုင်းဖုန်း - ၀၈၆-၉၁၉၆၇၃၅
တာချီလိတ်မြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)